“Prasthanam” ဆိုတဲ့ နိုင်ငံရေးနောက်ခံ ရုပ်ရှင်မှာ မြင်တွေ့ရမယ့် နာမည်ကျော် ဘောလိဝုဒ်မင်းသားကြီး Sanjay Dutt ဟာ နှစ်ပေါင်းများစွာ ရရှိခဲ့တဲ့ ပရိသတ်တွေရဲ့ အချစ်နဲ့ လေးစားမှုတွေက သူ့အတွက် အကြီးမားဆုံး လက်ဆောင်ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့မှာ အသက် ၆၀ ပြည့်ခဲ့တဲ့ မင်းသား Sanjay ဟာ ပရိသတ်ကို အမြဲ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
မင်းသားက “ပရိသတ်တွေပေးခဲ့တဲ့ အကြီးမားဆုံးလက်ဆောင်ကတော့ သူတို့ရဲ့ အချစ်တွေနဲ့ လေးစားမှုပဲ ဖြစ်ပါတယ်။ အတိတ်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ပရိသတ်တွေဟာ အမြဲတမ်း ကျနော်နဲ့အတူ ရှိနေပြီး အဲ့ဒီအတွက်လည်း ကျနော်က ကျေးဇူးတင်ချင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
သူဟာ မကြာခင် ရုံတင်တော့မယ့် “Prasthanam” ရုပ်ရှင်မိတ်ဆက်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Telugu ရုပ်ရှင် တကားကို ဟင်ဒီ စကားပြောနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Manisha Koirala၊ Jackie Shroff ၊ Ali Fazal၊ Amyra Dastur နဲ့ Satyajeet Dubey တို့ ပါဝင်ထားကြပါတယ်။
ဒါရိုက်တာ Deva Katta ရိုက်ကူးခဲ့တဲ့ အဲ့ဒီ နိုင်ငံရေးနောက်ခံ ဒရာမာမှာ ထူးခြားတဲ့ သရုပ်ဆောင်တွေနဲ့ အတူ ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း ကံကောင်းတယ်လို့ ဆိုပါတယ်။
သူက “Shroffe နဲ့ အလှဆုံး မင်းသမီးတစ်ယောက်ဖြစ်တဲ့ Manisha တို့နဲ့အတူ ပြန်လည် ရိုက်ကူးဖို့ အခွင့်အရေးရတာ ကံကောင်းတယ်လို့ ခံစားရပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာ တကယ့်ကိုပဲ ပျော်ရွှင်ခဲ့ရပါတယ်။ Ali က ကျနော့် သားလေးလိုပါပဲ။ သူဟာ အရင်တုန်းက ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေမှာလိုပဲ ဒီရုပ်ရှင်မှာလည်း အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာ Deva နဲ့ ပတ်သက်လို့ တော့ မင်းသားကြီးက “Deva ဟာ အလုပ်ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ပိုကောင်းတဲ့ ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူကနည်းနည်းလေး ခေါင်းမာပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ သူဒီရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့တာ တကယ့်ကိုပဲ ဂုဏ်ယူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Sanjay S Dutt ထုတ်လုပ်ရေး နာမည်အောက်ကနေ Maanayata Dutt က ဒီရုပ်ရှင်ကို ထုတ်လုပ်ထားပြီး လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘောလိဝုဒ် ရုပ်ရှင် ပရိသတ်တွေအတွက်လည်း “Prasthanam” ရုပ်ရှင်က စောင့်မျှော်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်း တကား ဖြစ်ပါတယ်။
Ref:ptinews
You may also like these stories:
အိန္ဒိယနိုင်ငံက ဘာသာရေးပြဿနာတွေကို ထောင့်စေ့အောင် ရိုက်ကူးထားတဲ့ “Mulk”
အနုပညာလောကထဲ ဝင်စမှာ ၁၈ ဒေါ်လာနဲ့ ချွတ်ခြုံကျခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ Donnie Yen
အမေရိကန်နိုင်ငံမှာ Stan Lee နာမည်နဲ့ ဂုဏ်ပြု သတ်မှတ်ပေးမယ့် “Stan Lee Way”
Baahubali ရုပ်ရှင်အကြိုဇာတ်လမ်း “Shivagami” ကို Netflix က ရိုက်ကူးထုတ်လုပ်မည်