ဧရာဝတီမြစ်အကြောင်း ရိုက်ကူးထားတဲ့ လင်းသျှီလ(မြစ်ခြေ) ရဲ့ "ဒဏ္ဍာရီ နတ်မိမယ်"သီချင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှ တေးရေး၊ တေးဆို တဦးဖြစ်တဲ့ လင်းသျှီလ (မြစ်ခြေ) ကိုယ်တိုင် ရေးသား သီဆိုထားတဲ့ “ဒဏ္ဍာရီ နတ်မိမယ်” သီချင်း Music Video ကို သြဂုတ်လအတွင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
“ဒီသီချင်းလေးကို မြစ်ခြေနဲ့ ပုဂံကြားမှာရှိတဲ့ ဧရာဝတီ မြစ်ပြင်ထဲမှာ ရေတက်နေတဲ့အချိန် ခက်ခက်ခဲခဲနဲ့ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ နောက်ပြီး ဧရာဝတီရဲ့ သဘာဝ ရှုခင်းတွေကိုလည်း ပါဝင်အောင် ရိုက်ကူးထားတဲ့အပြင် ဒီနေ့ ဖြစ်ပေါ်နေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ဖော်ညွှန်း အသိပေးထားတာ ဖြစ်တဲ့အတွက် နားထောင်ကြည့်စေချင်ပါတယ်”လို့ လင်းသျှီလ(မြစ်ခြေ) က ပြောပါတယ်။
“ဒဏ္ဍာရီ နတ်မိမယ်” သီချင်းဟာ ဧရာဝတီမြစ်အကြောင်း ပုံဖော် ရေးစပ်ထားတာ ဖြစ်ပြီး Music Video ရိုက်ကူးမှုကို မြစ်ခြေမြို့နဲ့ ပုဂံ ရှေးဟောင်းနယ်မြေ အကြားရှိ ဧရာဝတီ မြစ်အတွင်း ဧရာဝတီမြစ်ရဲ့ ယိုယွင်းလာတဲ့ အခြေအနေများကို အဓိက နောက်ခံထားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
“ဧရာဝတီမြစ်ကြီးရဲ့ လက်ရှိ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်စေချင်တဲ့ ရည်ရွက်ချက်နဲ့ ရိုက်ကူးတာပါ။ နောက် ဧရာဝတီမြစ်ကြီးရဲ့ သမိုင်းနဲ့ သူတာဝန် ထမ်းဆောင်ခဲ့တာတွေ၊ ပေးဆပ် ရင်းနှီးခဲ့ကြတာတွေကို ကလေးငယ်တွေကအစ သိစေချင်လို့ပါ။ ဧရာဝတီ မြစ်ကြီးကို မေ့မထားကြပါနဲ့ ဆိုတဲ့ အသိတွေကို ပေးတဲ့အပြင် ဧရာဝတီမြစ်ထဲမှာ ခေတ်အဆက်ဆက်က ဖြတ်သန်းခဲ့တဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ၊ သွေးတွေ ဒီနေ့အချိန်ထိ စီးဆင်းနေဆဲ ဆိုတာကိုလည်း သိစေချင်တာလည်း ပါပါတယ်”ဟု လင်းသျှီလ(မြစ်ခြေ)က ပြောပါတယ်။
ဒီသီချင်းကိုတော့ နာမည်ရှိပြီးသား သရုပ်ဆောင်များနဲ့ ရိုက်ကူးခဲ့တာ မဟုတ်ဘဲ သရုပ်ဆောင်များအဖြစ် အဲဒီ ဒေသမှာ နေထိုင်တဲ့ အရပ်သား၊ ကျောင်းသားလေးတွေနဲ့ ရိုက်ကူးထားတာပါလို့ သူက ဆိုပါတယ်။
“ကျနော် ကိုယ်တိုင် စီစဉ်ပြီးတော့ ရိုက်ကူးထားပါတယ်။ ဧရာဝတီမြစ်ရေ တက်ချိန်မှာပဲ သဘာဝ အလှအတိုင်း မြစ်ရေတက်တာကိုလိုချင်တာနဲ့ လှေတွေကိုငှားပြီးတော့ ကျောင်းသားလေးတွေနဲ့ ရိုက်ကူးခဲ့ပါတယ်၊ နာမည်ရှိပြီးသား သရုပ်ဆောင်ကို သုံးမထားပါဘူး၊ သရုပ်ဆောင်အဖြစ် အရပ်သားကလေးတွေကိုပဲ အကူအညီတောင်းပြီး ရိုက်ကူးခဲ့ပါတယ်။ သဘာဝအရုပ်တွေကို လိုချင်တဲ့အတွက် တောင်သူတွေ၊ ဧရာဝတီမြစ်ထဲမှာ ငါးဖမ်းနေတဲ့ တံငါသည်တွေကိုလည်း မြစ်ထဲသွားပြီး ရိုက်ကူးခဲ့ပါတယ်”လို့ လင်းသျှီလ(မြစ်ခြေ)က ပြောပါတယ်။
သီချင်း အမျိုးအစားကတော့ Rock သီချင်း အမျိုးအစားဖြစ်ပြီး အဆိုတော် ထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းကို မှီငြမ်းပြီး ရေးဖွဲ့ထားတာလို့ ဆိုပါတယ်။ အဆိုတော် လင်းသျှီလ(မြစ်ခြေ) ရဲ့ “ဒဏ္ဍာရီ နတ်မိမယ်” သီချင်း Music Video ကို Legacy Music Production ကနေ မကြာခင် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“ဧရာဝတီကို ပြန်ရွေးကြမယ်” စကားဝိုင်းမှ အနုပညာရှင်များရဲ့ စကားသံများ