မကြာခင် ရက်ပိုင်းအတွင်းက နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင် အောင်ဇော်ဟာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “မနုစာရီ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေရင်း ဇာတ်ကား မဆုံးခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မပြီးပြတ်ခဲ့တဲ့ ဇာတ်လမ်းအတွက် သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဝေဠုကျော်က အစားထိုး သရုပ်ဆောင်သွားမယ်လို့ မီဒီယာများကို ပြောပါတယ်။
“ကျနော် ပြန်ရိုက်မှာ မဟုတ်ဘူး။ ကျနော့် သူငယ်ချင်း ဆုံးပါးသွားတဲ့အတွက် သူ မပြီးမပြတ်သေးတဲ့ အခန်းတွေကို ရိုက်ပေးပါ့မယ်ပေါ့။ မရိုက်တာကြာလို့ ပြန်ရိုက်ပါမယ်ပေါ့။ သူက စရံ ပြန်ယူထားရုံပဲ ထင်ပြီး ညိုမင်းလွင်ကို လှမ်းမေးတာပေါ့။ စရံယူထားရင် စိုက်ဆပ်ချင်လို့ဆိုပြီး ပြောတော့၊ မဟုတ်ဘူး အစ်ကိုတဲ့။ တဝက်တပျက် ဖြစ်နေပြီတဲ့။ လူ ရှာရတော့မှာပေါ့ဗျာတဲ့။ အဲဒါနဲ့ ကျနော့် သူငယ်ချင်းအတွက် ကျနော် ရိုက်ပေးပါ့မယ်လို့ ပြောတော့ ရတယ်ဆိုတော့ ရိုက်ဖြစ်မှာပါ”လို့ ဝေဠုကျော်က ပြောပါတယ်။
ဝေဠုကျော်အနေနဲ့ သူငယ်ချင်းဖြစ်သူ မပြီးပြတ်ဘဲ ကျန်ရှိခဲ့တဲ့အလုပ်ကို လုပ်ပေးချင်တာကြောင့် ဒါရိုက်တာ ညိုမင်းလွင်ထံမှာ ခွင့်တောင်းခဲ့တာဖြစ်ပြီး လိုလိုလားလား လက်ခံခဲ့တယ်လို့ သိရပါတယ်။
“ကျနော်က ကိုအောင်ဇော် ကျန်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ပေးပါရစေဆိုပြီး ကျနော်က ခွင့်တောင်းတာ။ သူကလည်း လိုလိုလားလားနဲ့ ရိုက်ခွင့်ပေးတာပါ။ ကျနော့်သူငယ်ချင်း ပြီးအောင် လုပ်မသွားနိုင်တဲ့ အလုပ်ကြွေးတွေကို ဆပ်ခွင့်ရတာပေါ့ဗျာ”လို့ ဝေဠုကျော်က ပြောပါတယ်။
အခုအချိန်ထိတော့ ရိုက်ကူးဖို့အတွက် မပြင်ဆင်ရသေးဘဲ ရက်အရှည်ဆို ရိုက်ဖြစ်မှာ မဟုတ်ဘဲ တပတ် ခန့်သာ ရိုက်ရမှာဖြစ်တဲ့အတွက် လုပ်ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။
“မပြင်ဆင်ရသေးဘူး။ ကျနော်လည်း ကိစ္စတွေနဲ့ ခရီးသွားနေတာပေါ့နော်။ မနေ့ကမှ ပြန်ရောက်တယ်။ ဒီနေ့မှာ လုပ်ရမယ်။ ရိုက်ရမှာ ၅ ရက် ၊ တပတ်တည်းပါ။ ဒါကြောင့်လည်း ရိုက်ဖြစ်တာပါ။ ရက်တွေ အရှည်ကြီးရိုက်ရမယ်ဆို ငြင်းကောင်း ငြင်းမိမှာပါ။ ကျနော်လည်း တခြားအလုပ်တွေ ရှိတာ ဆိုတော့လေ”လို့ ဝေဠုကျော်ကပြောပါတယ်။
အခုအချိန်မှာတော့ ဝေဠုကျော်အနေနဲ့ အမှုရင်ဆိုင်နေဆဲ ကာလဖြစ်သလို သူ့အနေနဲ့ လွတ်လွတ်လပ်လပ် နေရတာကို ပိုပျော်နေတဲ့ အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။
“အဆင်ပြေရင် ရိုက်မယ်။ အဆင်မပြေရင် မရိုက်ဘူး။ ကျနော်က လွတ်လွတ်လပ်လပ် သွားနေရတာကို ပိုပျော်တဲ့ အခြေအနေကို ရောက်နေတော့။ အရင်တုန်းကတော့ အိုက်တင်တွေ လုပ်ရတာကို ပျော်မွေ့ခဲ့တယ်။ အခု သဘာဝတရားတွေနဲ့ တကယ့် ဖြစ်ရပ်တွေမှာ သွားနေရတာကို ပိုပြီးတော့ ခုံမင်လာတယ်ပေါ့” လို့ ဝေဠုကျော်က ပြောပါတယ်။
ဝေဠုကျော်ကတော့ ယခင်လောက် သရုပ်ဆောင်အလုပ် မလုပ်တော့ဘဲ သူ့ရဲ့ ပရဟိတ အလုပ်များကိုသာ အများဆုံး လုပ်ကိုင်နေတာ တွေ့ရပါတယ်။