MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူဇင်ဟာ ချစ်သူ ရှိပေမယ့် မင်္ဂလာဆောင်ဖို့အတွက် စိတ်ကူးယဉ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
“ကိုယ့်အလှည့်ကတော့ မသေချာသေးဘူး၊ လိုသေးတယ် အများကြီး။ ဘာအရောင် ဝတ်မယ်၊ ဘာဝတ်မယ်ဆိုပြီး စိတ်ကူးထားတာ မရှိဘူး။ အဲ့အချိန်မှာ ငါဘယ်လောက် တတ်နိုင်လဲ၊ ဘယ်လို အခြေအနေဖြစ်နေမလဲ၊ ဘယ်မှာ ရောက်နေမလဲ၊ အဲဒါမျိုးကိုပဲ စဉ်းစားပြီးလုပ်ဖြစ်မှာ။ အရမ်းကြီး မိန်းမတယောက် အနေနဲ့ သူ့ရဲ့မင်္ဂလာဆောင်ကြီးကို ဘယ်လို လုပ်ချင်ပါတယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုး မရှိခဲ့ဖူးဘူး”လို့ မြတ်သူသူဇင်က ပြောပါတယ်။
မြတ်သူသူဇင်ကတော့ လက်တွေ့ကို ပိုပြီး ဦးစားပေးတဲ့ လူတယောက်ဖြစ်တာကြောင့် စိတ်ကူးယဉ်ပြီး ဘယ်လိုတွေ လုပ်မယ် ဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
“ဘဝသမား ဖြစ်လို့လား မသိဘူး။ စိတ်ကူး သိပ်မယဉ်တတ်ဘူး။ လက်တွေ့ကိုပဲ ပိုပြီးတော့ ဦးစားပေးတယ်။ စိတ်ကူးယဉ်ပြီး ဘယ်လိုကြီးတွေ လုပ်ချင်တယ်ဆိုတာထက် လက်တွေ့ဘဝမှာ ငါဘယ်လို လုပ်ရမလဲ၊ ဘယ်လောက် တတ်နိုင်တာလဲ ဆိုတာကို ပိုပြီးတွေးတယ်။ အဲဒါကြောင့် စိတ်ကူး မယဉ်တတ်တော့တာလား မသိဘူး”လို့ မြတ်သူသူဇင်က ပြောပါတယ်။
ချစ်သူကလည်း အနုပညာလောကထဲကပဲဖြစ်ပြီး စိတ်တူကိုယ်တူ ရှိကြတဲ့အတွက် ခမ်းခမ်းနားနားကြီး မင်္ဂလာဆောင်ဖို့ထက် အလှူအတန်းများ ပြုလုပ်ချင်တာမျိုးတော့ ရှိတယ်လို့ သူက ဆိုပါတယ်။
“သူက ကိုယ်နဲ့ အတူတူပဲ၊ စိတ်တူကိုယ်တူ။ ဘယ်တော့ယူမယ်ဆိုတဲ့ Plan ကိုသာ မဆွဲသေးတာ။ ယူဖြစ်ရင်တော့ ငါတို့ဘုန်းကြီးကျောင်းတခုမှာ မင်္ဂလာဆောင်ကြမယ်။ ပြီးရင် အဲ့မှာကုန်မယ့် ကုန်ကျစရိတ်ကို သူက ဘိုးဘွားတွေကို လှူချင်တယ်။ ကိုယ်ကကျတော့ မိဘမဲ့ကလေးတွေကို လှူချင်တယ်။ အဲဒါလေးပဲစဉ်းစားထားတယ်။ ကျန်တာကတော့ ဘာတခုမှ မစဉ်းစားထားဘူး”လို့ မြတ်သူသူဇင်က ပြောပါတယ်။
မင်္ဂလာဆောင်ဖို့အတွက် အချိန်ယူဖို့ လိုအပ်နေသေးပြီး အနုပညာအလုပ်များနဲ့ မိဘများကိုလည်း ပြန်လည်အလုပ်အကျွေး ပြုချင်သေးတဲ့အတွက် မယူဖြစ်သေးဘူးလို့ ဆိုပါတယ်။
မြတ်သူသူဇင်ကတော့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တာ အချိန်ကာလတခု ကြာခဲ့ပြီ ဖြစ်ပေမယ့် “ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲက “မြညို” ကာရိုက်တာနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့ပြီး ဇာတ်လမ်းတွဲများလည်း ဆက်တိုက် ရိုက်ကူးလျက် ရှိပါတယ်။