အဆိုတော် ဘီယွန်းစေးဟာ နောက်ထပ် ရုပ်ရှင်တကားကို ဖန်တီးဖို့ Disney နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဂန္တဝင် အန်နီမေးရှင်း ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတဲ့ “The Lion King” ရုပ်ရှင်ဟာ သီတင်း နှစ်ပတ်အတွင်းမှာပဲ ဒေါ်လာ ၉၆၈ သန်း ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ ပဉ္စမြောက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
အခုတော့ Disney ဟာ အသက် ၃၇ နှစ်အရွယ် R&B အဆိုတော် ဘီယွန်းစေးနဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီး Disney နဲ့အတူ လွတ်လပ်စွာ ဖန်တီးမယ့် ရုပ်ရှင်တွေအကြောင်း ပြောဆိုနေတယ်လို့ သိရပါတယ်။
ရုပ်ရှင် အတွင်းသတင်းတခု အရ “ဘီယွန်းစေးနဲ့ Disney တို့ရဲ့ ‘The Lion King’ အတွက် သဘောတူညီချက်ဟာ အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်လာပါတယ်။ အခုတော့ သူတို့ဟာ Disney ရဲ့ ထီးရိပ်အောက်မှာ သူ့အတွက် ကိုယ်ပိုင်ရုပ်ရှင်တွေ ဖန်တီးဖို့ လွတ်လပ်တဲ့ ထီးနန်းကို ပေးအပ်ချင်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
အဆိုတော် ဘီယွန်းစေးဟာ အရင်ကလည်း သူ့ရဲ့ ဖျော်ဖြေရေးကုမ္ပဏီ Parkwood အင်တာတိန်းမန့်နဲ့ တွဲပြီးရုပ်ရှင် ဇာတ်လမ်းတွေကို ထုတ်လုပ်နေခဲ့ပြီး ဖြစ်ပေမယ့် Disney ရဲ့ သူဌေးတွေက ဒေါ်လာ သန်းနဲ့ ချီပြီး ရရှိနိုင်မယ့် သဘောတူညီချက်ကို ပေးအပ်လာတာလည်း ဖြစ်ပါတယ်။
ပြောဆို ဆွေးနွေးမှုတွေ လုပ်နေတုန်းပဲလို့ ဆိုပေမယ့် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အနေအထားမျိုး ရောက်နေပြီလို့ သိရပါတယ်။ “The Lion King” ရုပ်ရှင်မှာတော့ အဆိုတော် ဘီယွန်းစေးဟာ ခြင်္သေ့မလေး Nala အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ဝင်တေး တပုဒ်ကိုလည်း သီဆိုထားပြီး ခင်ပွန်း Jay Z ၊ အဆိုတော် Pharrell Williams၊ Kendrick Lamar တို့နဲ့အတူ “The Lion King: The Gift” ဆိုတဲ့ အယ်လ်ဘမ်ကိုလည်း ဖြန့်ချိခဲ့ပါတယ်။
အခုလိုမျိုး ရုပ်ရှင်ရဲ့ အငွေ့အသက်တွေကို အယ်လ်ဘမ်ထဲ ထည့်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဘီယွန်းစေးက အခုလိုပဲ ဆိုပါတယ်။
“အာဖရိကကနေ အကောင်းဆုံး အရည်အချင်းတွေကို ရှာတွေ့အောင် လုပ်ချင်ခဲ့တာပါ။ ကျမရဲ့ ကိုယ်ပိုင် ပြန်ဆိုမှုနဲ့ အသံတချို့ကို အသုံးမပြုဘဲနဲ့ အာဖရိကမှာ ဂီတနဲ့ ပတ်သက်လို့ အလှအပဆိုတာ ဘာလဲဆိုတာ ပရိသတ်တွေကို သိစေချင်ပါတယ်။ ဗုံတွေ၊ သံပြိုင်ကျူးရင့်သံတွေ၊ ထူးခြားတဲ့အသံတွေနဲ့ အမေရိကက ထုတ်လုပ်သူ တချို့နဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ဂီတ အမျိုးအစားပုံစံတခုကို ဖန်တီးခဲ့ကြပါတယ်”လို့ ဘီယွန်းစေးက ပြောပါတယ်။
Ref: asiaone
You May Also Like This Story:
ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်