Entertainment

"သူစိမ်းအိမ်" ရုပ်ရှင်ရိုက်ရင်း ဒဏ်ရာတွေ အများကြီး ရခဲ့တယ်လို့ ဖွေးဖွေး ပြော

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး အဲဒီ ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံနဲ့ ဇာတ်ကားရိုက်စဉ်က အမှတ်တရတွေ အကြောင်း သရုပ်ဆောင် ဖွေးဖွေးက အခုလိုပဲ ပြောပါတယ်။

“သူစိမ်းအိမ် ဇာတ်ကားမှာ ပထမဆုံး ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ကြုံတာပါ။ ဖွေးက ဒီကားမှာ နွေဦးဆိုတဲ့ ကောင်မလေး နေရာက ပါဝင်ထားပါတယ်။ ကိုထူးပိုင်ဇော်ဦးနဲ့ အလုပ်လုပ်ရတာ Motivate ဖြစ်ပါတယ်။ ပြီးတော့ Team Work ကလည်း အရမ်းကောင်းတဲ့အတွက် အပြောင်းအလဲ တခု ဖြစ်တယ်။ ကိုယ့်ရဲ့ အနုပညာတွေကိုလည်း ထုတ်ပြခွင့်ရတယ်။ ပြီးတော့ အဝတ်အစားရော၊ မိတ်ကပ်ရောက အဆင်သင့်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် တကယ့် မင်းသမီးလို ခံစားရတယ်”

“ဦးလွင်မိုးနဲ့က ဟိုးအရင်တုန်းက တခါ ဆုံဖူးတယ်။ အန်တီခိုင်ကြီးနဲ့ကတော့ အရမ်း ရင်ခုန်တယ်။ ကိုယ်လည်း အရမ်းကြိုက်တဲ့ မင်းသမီးဆိုတော့ ရိုက်မယ့် ရိုက်ရတော့လည်း ဖိုက်တာတွေနဲ့ ရိုက်ရတယ်။ ကြောက်လည်းကြောက်၊ ခံစားချက်တွေက မျိုးစုံပဲ။ အမှတ်တရတွေက ဒဏ်ရာတွေ အများကြီးရတယ်။ မခိုင်ကြီးနဲ့လည်း တကယ် ဖိုက်ရတယ်။ မိန်းကလေးချင်းကျတော့ တော်သေးတာပေါ့။ ဦးလွင်မိုးနဲ့ ဖိုက်တင်ခန်းကတော့ ဗလချင်း မမျှတော့ Mood ဝင်အောင် နေရင်း ရိုက်ရတော့ ကြောက်ပြီး ငိုခဲ့ရတာပေါ့”

“လက်တံတောင်ဆစ်တွေ၊ ဒူးတွေမှာ အညိုအမည်းတွေ စွဲတယ်။ သူနဲ့ သတ်ရတဲ့အခန်းမှာ သူက Mood ဝင်အောင်ဆိုပြီး တကယ် သတ်တာ။ နားရင်းလည်း အုပ်ခံရတယ်။ နောက်ပြီးတော့ လည်ပင်းညှစ်ရင်း မျက်နှာတွေလည်း ကုတ်မိတယ်။ ဒဏ်ရာအစစ်တွေနဲ့ သရုပ်ဆောင်ထားတယ်။ သူစိမ်းအိမ် ဇာတ်ကား ရုံတင်ရင်တော့ ကားရိုက်နေတုန်းက ဒဏ်ရာရတဲ့ ပုံတွေကို တင်ပေးသွားမယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

ဇာတ်ကားများကို သေချာစိစစ် ရိုက်ကူးမယ်ဆိုတဲ့ ဖွေးဖွေးက ဒီနှစ်တော့ အချစ် ဟာသတွေ ပြန်ရိုက်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ ဖွေး ပွဲတက်တွေ ရှိတယ်။ ဓာတ်ပုံရိုက်တွေ ရှိတယ်။ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်။ ရုပ်ရှင်ကားကြီးကတော့ နောက် ၂ လလောက် နေရင်တော့ ဇာတ်ကားတကား ရိုက်ဖို့ရှိတယ်။ နောက်ပိုင်းမှာလည်း ပိုစိစစ်ပြီး၊ လျှော့ပြီး ရိုက်ကူးသွားဖို့ပဲ ရှိပါတယ်။ ကားကောင်း တနှစ်မှာ အလွန်ဆုံး ၃ ကား ရှိရင် ကျေနပ်ပြီ။ အဲဒီ ၃ ကားကို အားသွန်ခွန်စိုက်နဲ့ ကြိုးစားပြီး ရိုက်လိုက်မယ်။ ကားတွေ အများကြီး မရိုက်တော့ဘူး”

“အရင်နှစ်ကဆို ရွှေကြာ၊ သမ္မတကြီးထံ ပေးစာ၊ မုန်းစွဲ၊ အချစ်တခုတည်း မဟုတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ၊ ဘာသာရေးနဲ့ ပတ်သက်တာတွေ၊ ပြည့်တန်ဆာနဲ့ ပတ်သက်တာ၊ သရဲနဲ့ ပတ်သက်တာ အကုန်စုံအောင် ရိုက်တယ်။ ဒီနှစ်တော့ အချစ်- ဟာသတွေ ပြန်ရိုက်ဖို့ စဉ်းစားထားပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးပြီး သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

You May Also Like These Stories:

“သူစိမ်းအိမ် ရိုက်ရင်း ကျနော့်ကြောင့် ဖွေးဖွေး ဒဏ်ရာနှစ်ခု ရခဲ့တယ်”လို့ လွင်မိုး ပြော 

လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”

Loading