Entertainment

Netflix က ထွက်ရှိလာမယ့် Thriller ရုပ်ရှင်တခုမှာ ပါဝင်လာမယ့် Jason Momoa

Want create site? Find Free WordPress Themes and plugins.

“Game of Thrones” နဲ့ “Aquaman” တို့မှာ လူသိများလာခဲ့တဲ့ မင်းသား Jason Momoa ဟာ Netflix ကနေထွက်ရှိ လာတော့မယ့် “Sweet Girl” ရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်တယ်လို့ လတ်တလော သတင်းတွေ ထွက်ရှိနေပြီး Sweet Girl ရုပ်ရှင်ကတော့ Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင်တော့ ဇနီးဖြစ်သူရဲ့ သေဆုံးခဲ့ခြင်းအတွက် တရားမျှတမှုကို ရှာဖွေဖို့ စိတ်အားထက်သန်တဲ့ အမျိုးသားတယောက်အဖြစ် Jason Momoa ကို တွေ့မြင်ရမှာဖြစ်ပြီး ဒါရိုက်တာ Brian Andrew Mendoza က ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Brian Andrew Mendoza နဲ့ Jason Momoa တို့ဟာ အရင့်အရင်ကတည်းက အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်ခဲ့ဖူးကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ “Braven” နဲ့ Netflix တီဗီစီးရီးတခုဖြစ်တဲ့ “Frontier” တို့မှာ တွဲဖက်လုပ်ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“Conan the Barbarian” ၊ “Road to Paloma” စတဲ့ အက်ရှင်ရုပ်ရှင်တွေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ Jason Momoa ဟာဆိုရင် “Game of Thrones” တီဗီစီးရီးမှာ ပါဝင်တဲ့ ဇာတ်ကောင် Khal Drogo နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် နာမည်ကျော်ကြား လူကြိုက်များလာခဲ့တဲ့အပြင် DC ရဲ့ “Justice League” နဲ့ “Aquaman” ရုပ်ရှင်တွေမှာပါ သူ့ရဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

“Sweet Girl” ရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုတော့ Gregg Hurwitz က ရေးသားထားတာဖြစ်ပြီး Gregg ဟာဆိုရင် “The Book of Henry” ရုပ်ရှင်မှာလည်း ဇာတ်ညွှန်း ရေးသားခဲ့ဖူးပါတယ်။ မင်းသား Jason Momoa က “Brian နဲ့ ကျနော် အပေါင်းအသင်းတွေဖြစ်ခဲ့ကြတာ ဆယ်နှစ်ကျော်ကြာခဲ့ပါပြီ။ အခုလိုမျိုး နောက်ထပ် သူနဲ့အတူ လက်တွဲပြီး ရုပ်ရှင်တွေ ရိုက်ကူးဖို့ဆိုတာ ကျနော့်အတွက်တော့ အတိုင်းမသိ ဝမ်းသာစရာပါ” လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။

မင်းသား Jason Momoa ဟာ Netflix က ထွက်ရှိလာမယ့် “Sweet Girl” ရုပ်ရှင်အပြင် “The LEGO Movie 2: The Second Part” မှာလည်း Aquaman ဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Ref. screenrant.com

You May Also Like These Stories:

“Wolverine” အဖြစ် သရုပ်ဆောင်ချင်တယ်လို့ Jason Momoa ပြော

ငါးမန်းတွေကို ဆော့ကစားပြီး အမြှီးဖြတ်ခဲ့သူများအား သတိပေးလိုက်တဲ့ Jason Momoa

Aquaman Premiere ပွဲမှာ အဖွဲ့သားတွေနဲ့အတူ ရိုးရာအက ကခဲ့တဲ့ Jason Momoa

Did you find apk for android? You can find new Free Android Games and apps.
Loading