Entertainment

မင်းသား Patrick Swayze အကြောင်း မြင်တွေ့ရမယ့် "I Am Patrick Swayze" မှတ်တမ်းရုပ်ရှင်

မကြာခင် ဖြန့်ချိဖို့ရှိတဲ့ “I Am Patrick Swayze” မှတ်တမ်းရုပ်ရှင်ထဲမှာ ကွယ်လွန်သူ မင်းသားကြီး Rick Swayze ရဲ့ အကောင်းအဆိုး အကြောင်းအရာတွေကို သူ့ရဲ့ သူငယ်ချင်းတွေ၊ သူနဲ့အတူ အလုပ်အတူ လုပ်ခဲ့ဖူးတဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေကနေ တဆင့် မြင်ကြားသိရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ အဲ့ဒီမှတ်တမ်းရုပ်ရှင် အမြည်းဗီဒီယိုမှာဆိုရင် မင်းသားကြီးနဲ့ အတူ “Ghost” ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး Demi Moore ရဲ့ ပြောဆိုချက်အရ မင်းသားကြီး Swayze ဟာ ဟောလိဝုဒ်မှာ အလုပ်ကြိုးစားတဲ့သူ တယောက်ဖြစ်ပြီး လက်တွေ့ဘဝမှာရော၊ ရုပ်ရှင် သရုပ်ဆောင်မှုတွေမှာပါ ထူးချွန်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

မင်းသမီး Demi က “Patrick ဟာ တော်တော်လေးကို အကြမ်းပတမ်း ခံနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ လှပ၊ နူးညံ့ပြီး စိတ်လှုပ်ရှားစေနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ မင်းသားကြီးနဲ့ အတူ “The Outsiders” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Rob Lowe ကလည်း အဲ့ဒီအချက်ကို သဘောတူပါတယ်။ သူက “Patrick ဟာ တခုခုကို သက်သေပြသလိုမျိုးပဲ သရုပ်ဆောင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

မင်းသားကြီး Swayze ဟာ ပန့်ကရိယကင်ဆာနဲ့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ “I Am Patrick Swayze” မှတ်တမ်းရုပ်ရှင်မှာတော့ တက္ကဆက်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ မင်းသားကြီးရဲ့ ငယ်ဘဝ၊ ဘဝဖြတ်သန်းမှု၊ အနုပညာဖြတ်သန်းမှု အကြောင်းအရာတွေကို အင်တာဗျူးတွေ ရုပ်ရှင်တွေကနေတဆင့် ရှုမြင်ရမှာလည်း ဖြစ်ပါတယ်။

အင်တာဗျူးထဲမှာ ပါဝင်ခဲ့သူတွေကတော့ မင်းသားကြီးနဲ့အတူ သရုပ်ဆောင်ခဲ့ကြဖူးတဲ့ Sam Elliott, Jennifer Grey, C. Thomas Howell, Kelly Lynch နဲ့ Lori Petty တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကိုတော့ သြဂုတ်လ ၂ ရက်နေ့မှာ ပြုလုပ်မယ့် San Antonio ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသမှာဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ Paramount Network ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။

Ref:CNN

You may also like these stories:

မာသာထရီဇာ၏ အတ္ထုပ္ပတ္တိရုပ်ရှင် ဘောလိဝုဒ်မှ ရိုက်ကူးမည်

နယ်လှည့်ဖျော်ဖြေပွဲကို မှတ်တမ်းတင်မယ့် ရုပ်ရှင် ဖန်တီးနေတဲ့ Westlife အဖွဲ့

ဓမ္မတာလာတဲ့အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် အော်စကာ ရရှိ

Loading