Entertainment

"ငွေစက္ကူ ၇ ရွက်" ဇာတ်လမ်းတွဲမှာ အဝတ်အစား ၂ လလောက် မလျှော်ဘဲ ဝတ်ခဲ့ရတဲ့ ဟိန်းထက်

Want create site? Find Free WordPress Themes and plugins.

လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ငွေစက္ကူ ၇ ရွက်” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အဲဒီ ဇာတ်လမ်းတွဲမှာ “အောင်ဝေ”အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဟိန်းထက်က ကာရိုက်တာ အတွက် ပြင်ဆင်ခဲ့ပုံများကို အခုလိုပဲ ပြောပါတယ်။

“ငွေစက္ကူ ၇ ရွက် ရုပ်သံဇာတ်လမ်းမှာ အောင်ဝေဆိုတဲ့ ဝရမ်းပြေး၊ မိဘမဲ့ တကောင်ကြွက် တယောက်အနေနဲ့ ပါဝင်ထားတယ်။ ကိုသည်ခေတ်နေ ရိုက်တာပေါ့။ ရိုက်ကူးရေးတုန်းက အမှတ်တရတွေလည်း အများကြီးပဲ။ ရိုက်တိုင်း အမှတ်တရတွေ တော်တော်များတယ်”

“ဇာတ်ကား ရိုက်ကူးနေချိန်မှာ အောင်ဝေတယောက်လို ပြုမှုနေထိုင်တဲ့အတွက် မိတ်ကပ်အညို၊ နေ့တိုင်း လိမ်းရတယ်။ အဝတ်အစားလည်း ၁ လ၊ ၂ လလောက် မလျှော်ဘဲနဲ့ ဝတ်ရတယ်။ ၇ ရက်တွင်းမှာ ဖြစ်ပျက်တာကို ရိုက်တာဆိုတော့ ဒါပဲ ပြန်ဝတ်တော့ ခန္ဓာကိုယ်မှာ ယားနာတွေတောင် ပေါက်တယ်။ ဇာတ်ကား ရိုက်တုန်းက ပုလင်းကွဲ စူးတာတွေလည်းရှိခဲ့တယ်”လို့ သရုပ်ဆောင် ဟိန်းထက်က ပြောပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင် ဟိန်းထက်က မြန်မာနိုင်ငံမှာ အောက်ခြေ လူတန်းစား များတဲ့အတွက် အဲ့လို ကာရိုက်တာကို ဖန်တီးတဲ့အချိန်မှာ သူ့အတွက် တာဝန်ကြီးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နိုင်ငံမှာက အောက်ခြေလူတန်းစားများတယ်။ အဲ့လို ကာရိုက်တာကို ဖန်တီးရမယ့် အချိန်မှာ ကျနော့်အတွက် တာဝန်ကြီးတယ်။ တော်တော်များများ ဇာတ်လမ်းတွဲ ကြည့်ကြတာက နယ်ဘက်က များတယ်။ သူတို့ကကြည့်ပြီး လူတန်းစားတရပ်ကို ပြန်ပုံဖော်တဲ့ အချိန်ကျရင် သူတို့ လုပ်နေတဲ့ အမူအကျင့်တွေ၊ ကာရိုက်တာတွေကို ပြန်ကြည့်ကြတယ်”

“ကြည့်လိုက်ရင် ပီပြင်အောင် ဒီလူတန်းစားကိုလည်း လေးလေးနက်နက် ပုံဖော်လို့ရအောင် ဇာတ်ကား မရိုက်ခင်ကတည်းက ရပ်ကွက်ထဲက ဂျလေဘီတွေနဲ့ ပေါင်းတယ်။ သူတို့ဆီက အကုန်သင်ယူတယ်။ ကျနော် ကွမ်းစားတာတွေ ဆေးလိပ်သောက်တာတွေ အတွက်လည်း လေ့လာရတယ်”လို့ ဟိန်းထက်က ပြောပါတယ်။

“ငွေစက္ကူ ၇ ရွက်” ရုပ်သံဇာတ်လမ်း ပြန်ကြည့်ချိန်မှာတော့ သရုပ်ဆောင်မှုတွေကို ကျေနပ်မှု မရှိဘူးလို့ဆိုပြီး အားနည်းချက်တွေကို ကြိုးစားပြင်ဆင်သွားမယ်လို့လည်း ဟိန်းထက်က ဆိုပါတယ်။

“ကျနော့် ဇာတ်ကား ပြန်ကြည့်ချိန်မှာ ကျနော့် သရုပ်ဆောင်မှုတွေကို ကျေနပ်မှု မရှိဘူး။ ကျနော် ပြင်ဆင်ရမှာတွေ၊ လိုအပ်ချက်တွေကို တွေ့တယ်။ လိုအပ်ချက်တွေကို နောက်ကားတွေမှာ ဖြည့်စွက်သွားမယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ သူတယောက်ဖြစ်တဲ့အတွက် ကိုယ့်အားနည်းချက်တွေကို ကြိုးစားပြင်ဆင်သွားမယ်”

“ကျနော့် ဇာတ်လမ်းတွဲတွေ စောင်ကြည့်နေကြတဲ့ ကျနော့် ပရိသတ်တွေကို အောင်ဝေအနေနဲ့ တဖွဲ့လုံးက အပင်ပန်းခံပြီး ကာရိုက်တာ ပီပြင်အောင် အကောင်းဆုံး ကြိုးစားထားကြပါတယ်။ ဇာတ်လမ်းပြီးတဲ့အထိ စောင့်ကြည့်ပေးကြပါ။ နောက်ပိုင်းမှာ ဇာတ်ရည် လည်ပြီး ပိုကြည့်လို့ ကောင်းမယ်လို့ ထင်ပါတယ်။ ကျနော့်ကိုလည်း ဆက်လက် အားပေးကြပါဦး”လို့ ဟိန်းထက်က ပြောပါတယ်။

သရုပ်ဆေင် ဟိန်းထက်ကို MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေ စတင် သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဟိန်းထက်က စာရေးဆရာမ မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထု “အရိပ်”ကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပုံဖော်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

You may also like these stories:

သရုပ်ဆောင် မဖြစ်ခင်က “တောသားကြီး၊ မင်းသားရူး”လို့ အပြောခံခဲ့ရတဲ့ သုတအောင်

” ညီလင်းညို ကာရိုက်တာက ဘဝမှာမှတ်တိုင်တခုပါ”

“မူးယစ်ဆေးဝါးဆိုတာ လူငယ်တွေအတွက် ခလုတ်ကန်သင်းတခုပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading