ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင် ကူးကူးဇင်အောင်က “သူစိမ်းအိမ်”မှာ “မြ” အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ထဲက ကာရိုက်တာနဲ့ အပြင် ကာရိုက်တာ အများကြီး ကွာတဲ့အတွက် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ကိုယ် ရိုက်ထားတဲ့ ဇာတ်ကားကို ပြန်ကြည့်ပြီးချိန်မှာ ရင်တွေလည်း တုန်တယ်။ ကြောက်လည်းကြောက်တယ်။ ကူးတို့ကို လေ့ကျင့်ဖို့ ၂ လ ခေါ်တယ်။ ကူးရဲ့ အပြင် ကာရိုက်တာနဲ့ အများကြီး ကွာတဲ့အတွက် ကိုထူးပိုင်ဇော်ဦးက သေချာသင်ပေးတယ်။ ရိုက်နေတုန်းကတော့ ဘာမှ ထူးခြားတာ မရှိပါဘူး။ သူများ ရိုက်တဲ့ အခန်းတွေကိုကြည့်ပြီး လန့်တာတော့ ရှိတယ်”
“မဖွေးဖွေးနဲ့ ပထမဆုံးတွေ့ပြီး သရုပ်ဆောင်တုန်းကတော့ ရှိန်တယ်၊ ကြောက်တယ်။ မှားတာ လုပ်မိမလား စိုးရိမ်မိတယ်။ နောက်ရက် ကျတော့ မဖွေးက စကားတွေလည်း ပြောပေးတယ်။ ဇာတ်ကားထဲမှာလည်း သူငယ်ချင်းလို သရုပ်ဆောင်ရတဲ့အတွက် နင်နဲ့ ငါနဲ့တောင် ပြောခိုင်းတယ်။ ကူးတို့က မပြောဘူး။ မဖွေးက အများကြီး Support ပေးတယ်။ ကူး အားသွန်ခွန်စိုက် ကြိုးစားထားတယ်။ အခုလို ပြန်ကြည့်ချိန်မှာ ကျေလည်း ကျေနပ်တယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်”လို့ ကူးကူးဇင်အောင်က ပြောပါတယ်။
ကူးကူးဇင်အောင်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး နောက်ထပ် ရိုက်ကူးတဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်မှာလည်း ကစ်ကစ်ဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားကိုကြည့်ပြီး ကူးရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့မြင်ပြီး လက်ခံမယ်လို့ထင်ပါတယ်။ ပရိသတ်တွေ အားပေးပါလို့လည်း ပြောချင်ပါတယ်။ ကူးနောက်ထပ် လရဲ့အောက်ဘက် မိုင်အဝေးမှာ ကစ်ကစ်ဆိုတဲ့ ကောင်မလေး နေရာကနေ ရိုက်ထားပါတယ်။ “သူစိမ်းအိမ်”ဇာတ်ကား မရိုက်ခင်တော့ ကြီးကြီးမားမား ဘာမှ မလုပ်ခဲ့ဘူး။ Photo Model အဖြစ်ပဲ လုပ်တယ်။ ကြော်ငြာ ၁ ခု၊ ၂ ခု ရိုက်တယ်။ အဲ့လောက်ပဲ ရှိပါတယ်။ သူစိမ်းအိမ်ဇာတ်ကားကလည်း ကူးရဲ့ ပထမဆုံး ဇာတ်ကားကြီးမို့ ပရိသတ်တွေလည်း အားပေးစေချင်ပါတယ်”လို့ ကူးကူးဇင်အောင်က ပြောပါတယ်။
“သူစိမ်းအိမ်” ရုပ်ရှင်မှာတော့ သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊ အားကိုးရာတို့ ပါဝင်ထားပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
You may also like these stories:
ဖွေးဖွေးရဲ့ လက်တွဲကူညီမှုကြောင့် “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ အဆင်ပြေခဲ့တယ်လို့ မြတ်နိုးအေး ပြော
“သူစိမ်းအိမ်” ရုပ်ရှင်ရိုက်ရင်း ဒဏ်ရာတွေ အများကြီး ရခဲ့တယ်လို့ ဖွေးဖွေး ပြော
“သူစိမ်းအိမ် ရိုက်ရင်း ကျနော့်ကြောင့် ဖွေးဖွေး ဒဏ်ရာနှစ်ခု ရခဲ့တယ်”လို့ လွင်မိုး ပြော
လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”