မော်ဒယ်အနေနဲ့ စတင်လုပ်ကိုင်ခဲ့ရာကနေ သရုပ်ဆောင် တယောက် ဖြစ်လာတဲ့ တိုင်ရွန်ဟာ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ Attention ယူနေတဲ့သူမျိုး မဖြစ်အောင် အလုပ်တွေ ပိုကြိုးစားနေတယ်လို့ ဆိုပါတယ်။
“ကျနော့်ကို အွန်လိုင်းပေါ်က လူတွေ ပြောင်းလဲပေးလိုက်တယ်လို့ပဲ ထင်တယ်။ သူတို့ မကြိုက်တဲ့ အချက်တွေကို ဆင်ခြင်ပြီးနေတယ်။ သိပ်ပြီး ဖုန်ထတာမျိုး မလုပ်ချင်တော့ဘူး။ Public မှာ ဖုန်ထတာမျိုးလည်း မလုပ်ချင်တော့ဘူး။ အနုပညာအလုပ်နဲ့ မရှိဘဲနဲ့ Attention ယူနေတဲ့သူမျိုးဆိုပြီးလို့ အပြောမခံချင်တဲ့အတွက်ကြောင့် အလုပ်တွေ ပိုပြီးတော့ ကြိုးစားနေတာပါ။ အဲဒါကြောင့် မျက်စိနောက်အောင် သိပ်မနေဖြစ်တော့ဘူး” လို့ တိုင်ရွန်က ပြောပါတယ်။
တိုင်ရွန်ကတော့ အရင်ကလုပ်ခဲ့တာတွေ အတွက် နောင်တ မရဘဲ အခုအချိန်မှာတော့ စိတ်ဒေါသ မဖြစ်အောင်နေပြီး ဘဝလေးက သာယာနေပြီလို့ ပြောပါတယ်။
“ကျနော် လုပ်ခဲ့တဲ့ အလုပ်တွေအတွက်တော့ နောင်တ မရပါဘူး။ စိတ်ဒေါသ မဖြစ်အောင် နေတယ်။ ကိုယ့်ကို တခုခု လာပြောရင်လည်း မသိချင်ယောင် ဆောင်နေလိုက်တယ်။ အစက အသစ်တယောက် အနေနဲ့ ခံစားရခက်တဲ့ အပိုင်းတွေ ရှိတယ်။ မဟုတ်ဘဲ ပြောနေတာတွေ၊ အခုတော့ မဖြေရှင်းတော့ဘူး။ ကိုယ့်ဘဝလေးက သာယာနေပြီ”လို့ တိုင်ရွန်ကပြောပါတယ်။
လက်ရှိ အချိန်မှာလည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေ များလာတဲ့အတွက် သူတို့ချစ်အောင် ကြိုးစားပြီးနေထိုင်တယ်လို့ ဆိုပါတယ်။
“ချစ်တဲ့ ပရိသတ်တွေက များလာပြီဆိုတော့ သူတို့ မျက်လုံးထဲမှာ ချစ်အောင် စိတ်ရှည်လက်ရှည်နဲ့ပဲ နေတော့တယ်။ အဲ့အတွက်ကြောင့် ပိုပြီးတော့ ပေါ့ပါးလာတယ်။ နေရတာ ပိုကောင်းလာတယ်”လို့ တိုင်ရွန်က ပြောပါတယ်။
လတ်တလောမှာလည်း တိုင်ရွန်ရဲ့ပထမဆုံး ဟာသကားဖြစ်တဲ့ “ပုရိသ” ဇာတ်ကားကို ရုံတင်ဖို့ရှိပြီး ဒီကားထဲမှာတော့ နေခြည်ဦးနဲ့အတူ တွဲဖက် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ဒီကားထဲမှာ ကျနော်က လူဆိုး၊ အရက် မမူးရင် ကောင်းတယ်၊ အရက်မူးရင် ဆိုးသွားတယ်ပေါ့။ နေခြည်ဦးနဲ့အတူ အတွဲဖက်လေး သရုပ်ဆောင်ထားပါတယ်။ ဟာသကားဖြစ်တဲ့ အတွက်ကြောင့် လုပ်ရတာ ပိုပြီးတော့ သဘောကျတယ်။ ဟာသလုပ်ရတာ ပိုပြီးတော့ ခက်ခဲတဲ့အတွက် အများကြီး ကြိုးစားထားပါတယ်” လို့ တိုင်ရွန်က ပြောပါတယ်။
တိုင်ရွန်ကတော့ နောက်ထပ်လည်း ဒါရိုက်တာ ပြည့်ဟိန်းသီဟနဲ့ ဟာသကား ရိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ တိုင်ရွန်ဟာ ယခုနောက်ပိုင်းမှာ မော်ဒယ် အလုပ်ထက် သရုပ်ဆောင် အလုပ်ကို ပိုမို လုပ်ကိုင်နေပြီး ဒီနှစ်အတွင်းမှာ သူ့ရဲ့ဇာတ်ကားများစွာ ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကို တပတ်တည်းနဲ့ ရုံချလို့ စိတ်မကောင်းဘူးလို့ တိုင်ရွန် ပြော
“ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ”လို့ တိုင်ရွန် ပြော
“လင်္ကာဒီပ ချစ်သူ” ပြဇာတ်မှာ လက္ခဏအဖြစ် မြင်တွေ့ရမယ့် မော်ဒယ် တိုင်ရွန်
အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန်
“Old Gangster” ရုပ်ရှင်အတွက် တက်တူးတွေ ထပ်ဖြည့်နေတဲ့ တိုင်ရွန်