Entertainment

မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် The Wedding Guest (2018)

Want create site? Find Free WordPress Themes and plugins.

ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Michael Winterbottom ရိုက်ကူးထားပြီး Slumdog Millionare မင်းသား Dev Patel နဲ့ မင်းသမီး Radhika Apte တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားတကားပဲဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဂျေး ကို တွေ့မြင်ရမှာဖြစ်ပြီး ပါကစ္စတန်မှာ ကျင်းပမယ့် မိတ်ဆွေဖြစ်သူတယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ပဲဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်မယ့်သူတယောက်ဆိုပေမယ့် သူ့ရဲ့ မျက်နှာမှာတော့ ဘယ်လို စိတ်ခံစားချက်မျိုးမှ တွေ့မြင်ရမှာမဟုတ်ဘဲ အလုပ်တခုပြီးမြောက်ဖို့ကိုသာ ဦးစားပေးလုပ်ကိုင်နေတဲ့ လူတယောက်အဖြစ် တွေ့မြင်နိုင်မှာပါ။

မိုင်ပေါင်းများစွာ ကိုယ်တိုင်ကားမောင်းပြီးချိန်မှာတော့ ဂျေး ဟာ လမ်းတလျှောက်မှာ သေနတ်ဝယ်ယူတာတွေအပြင် ၊ ကားနှစ်စီးငှားရမ်းတာတွေဟာ သူတက်ရောက်မယ့် မင်္ဂလာပွဲအတွက် လိုအပ်ခြင်းရှိ ၊ မရှိကို ကြည့်ရှုသူတွေကို ဇဝေဇဝါဖြစ်စေမှာ အသေအချာပါ။

သူ့ရဲ့ မိတ်ဆွေဖြစ်သူ ဆမီရာ ဟာဆိုရင်လည်း မင်္ဂလာပွဲကို ရောက်ရှိလာခြင်းမရှိသေးတဲ့အပြင် ဂျေးအနေနဲ့ကလည်း သူ့ရဲ့ လုပ်စရာအလုပ်တွေ ပြီးပြတ်မသေးဘဲ သူစိမ်းနယ်မြေမှာ လှုပ်ရှားသွားလာနေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဆမီရာရောက်လာတဲ့အချိန်မှာတော့ အိမ်ပေါက်ဝနားကနေ လှမ်းမျှော်ကြည့်နေတဲ့ ဂျေးဟာ သူရောက်ရှိနေကြောင်း ဆမီရာကို အသိမပေးတဲ့အပြင် သွားရောက်နှုတ်ဆက်ခြင်းလည်းမရှိပါဘူး။ လူခြေတိတ်ချိန်ညအခါမှာတော့ ဂျေးဟာ သူလိုအပ်တဲ့ ပစ္စည်းတွေနဲ့အတူ ကျောပိုးအိတ်တလုံးကို လွယ်ထားပြီး ဆမီရာနေထိုင်ရာ အိမ်တံခါးဝကို ပြန်လည်ရောက်ရှိလာပါတော့တယ်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဆမီရာကို တိတ်တဆိတ် ပြန်ပေးဆွဲဖို့ပဲဖြစ်ပြီး ဘယ်သူတဦးတယောက်မှမသိလေ သူ့အတွက် အကောင်းဆုံးဖြစ်လေဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ခဲ့ပေမယ့် ဆမီရာကို ပြန်ပေးဆွဲလာချိန်မှာတော့ လုံခြုံရေးဝန်ထမ်းတယောက်ကို ပစ်ခတ်လိုက်မိပါတော့တယ်။

ဂျေးဟာ ဘာကြောင့် ဆမီရာကို ပြန်ပေးဆွဲရတာလဲ၊သူတို့နှစ်ယောက်ဟာ ဘယ်ကို သွားကြမှာလဲ၊ ဆမီရာကရော ပြန်ပေးဆွဲသမား ဂျေးနောက်ကို အသာတကြည်လိုက်လာမှာလား၊ အခွင့်သာတာနဲ့ ထွက်ပြေးမှာလား၊ ဆမီရာနဲ့ ဂျေးရဲ့ နောက်ကြောင်းတွေက ဘာလဲ စတဲ့ မေးခွန်းတွေနဲ့အတူ Thriller ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ရဲ့ လှပတဲ့ ရှုခင်းနဲ့ ယဉ်ကျေးမှုတွေကိုပါ တွေ့မြင်ကြရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ကားကောင်းတကားအဖြစ် ပြန်လည်ညွှန်းဆိုပေးလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading