“ည”ဇာတ်ကားမှာလည်း ပရိသတ်အားပေးမှုရရှိခဲ့သလို “သူစိမ်းအိမ်”ရုံတင်ချိန်မှာလည်း ပရိသတ်အားပေးမှုရရှိထားတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပရိသတ်တွေ ယုံကြည်ရတဲ့ ဒါရိုက်တာ တယောက်ဖြစ်အောင် ကြိုးစားသွားမှာလို့ ဆိုပါတယ်။
“အဓိကတော့ ပထမဇာတ်ကားနဲ့ မတူဘူးပေါ့။ ပထမကားတုန်းက ဒါရိုက်တာအသစ်လည်းဖြစ်တော့ ကျနော့်ဆီကနေ ဘယ်လိုအနုပညာကို မျှော်လင့်ရမလဲဆိုတာကို မသိသေးဘူး။ သူတို့မသိသေးတဲ့ ဒါရိုက်တာဖြစ်တဲ့အတွက်လေ။ “ည” ဇာတ်ကားရုံတင်ပြီးသွားတဲ့အခါ ကျနော် ဇာတ်ကားကို အားပေးတဲ့၊ ကျနော်အနုပညာကို အသိအမှတ်ပြုတဲ့ ပရိသတ်တွေက ပေါ်လာပြီပေါ့”
“ အဲဒီသူတွေရဲ့ ယုံကြည်မှုတခု ရှိသွားပြီဆိုတဲ့အခါ အဲဒီယုံကြည်မှုမပျက်သွားအောင်၊ ပိုပြီးယုံကြည်လာအောင် ဒုတိယဇာတ်ကားမှာ ပိုကြိုးစားထားတယ်။ ကျနော့်ကို မသိသေးတဲ့၊ “ည”ကို မကြည့်ဖူးသေးတဲ့ ပရိသတ်တွေရဲ့ယုံ ကြည်မှုကို ထပ်ရအောင်လုပ်ရတဲ့အတွက် တာဝန်ယူမှု ပိုလာတာပေါ့” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ရုပ်ရှင်တကားချင်းစီအပေါ် ကျေနပ်မှုအပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“တကားချင်းအပေါ် ကျေနပ်မှုကတော့ မကွာခြားပါဘူး။ ည ဆိုလည်း ရာနှုန်းပြည့်ကျေနပ်မှသာ ပရိသတ်တွေဆီ ပို့ခဲ့တာဖြစ်တယ်။ လုပ်နိုင်တဲ့ဘောင်အတွင်းမှာ ၁ဝဝရာခိုင်နှုန်းလုပ်ပြီး ကျေနပ်မှုရှိမှသာ ပရိသတ်တွေဆီပို့ပေးတာပေါ့။ တကားချင်းအပေါ်မှာ စိတ်ကျေနပ်မှုက တော့ရာနှုန်းပြည့်ရှိပါတယ်”
“တကားထက် တကားကတော့ ပိုပြီးတိုးတက်တဲ့ လမ်းကြောင်းကို သွားရမှာပေါ့။ ပိုပြီးအားရမှုရှိအောင် ကြိုးစားပါတယ်။ ပရိသတ်တွေ ယုံကြည်ရတဲ့ ဒါရိုက်တာ တယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
“သူစိမ်းအိမ်”ဇာတ်ကားကို ၂နှစ် အချိန်ယူကြိုးစားထားရတာကြောင့် ပရိသတ်ကြိုက်ကြမယ်လို့လည်း မျှော်လင့်ထားကြောင်း ဆိုပါတယ်။
“သူစိမ်းအိမ်ဇာတ်ကားက သြဂုတ် ၁ ရက်မှာ ရုံတင်ပြသပါတယ်။ အဲဒီအတွက်လည်း ပရိသတ် မျှော်လင့်ထားတာ ထက် ပိုကောင်းမွန်တဲ့ဇာတ်ကားတကားကို ကြည့်ခွင့်ရမယ်လို့ ကျနော့်ဘက်က အာမခံပါတယ်။ ကျနော့်အပေါ်ယုံကြည် ထားတဲ့ ပရိသတ်တွေကိုလည်း ပိုပြီးယုံကြည်မှု ခိုင်မာမယ်၊ ပရိသတ်အသစ်တွေအတွက်လည်း ယုံကြည်မှုအသစ်တွေရရှိ စေမယ့် ဇာတ်ကားဖြစ်မှာပါ”
“ ကြည့်ချိန်မှာ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်ဇာတ်ကားလေးကိုလည်း ပရိသတ်တွေက လက်မှတ်ကုန်တဲ့ အထိအားပေးကြလို့ ဝမ်းသာရပါတယ်။ အဓိက ကတော့၂နှစ်လောက်အချိန်ယူခဲ့ရတဲ့ ကားဖြစ်တာကြောင့် Spoiler တွေ၊ Live တွေ၊ စကားလုံးတွေ မတင်ဖို့ တောင်းပန်ချင်ပါတယ်”လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးခဲ့တဲ့ နောက် “သူစိမ်းအိမ်” ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ သူစိမ်းအိမ် ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်လွင်မိုး၊ ထွန်းအိန္ဒြာဗိုနဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပြီး သြဂုတ်လ ၁ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးရုံတင်ပြသနေပြီ ဖြစ်ပါတယ်။