Wanna One အဖွဲ့ဝင်ဟောင်း Kang Daniel နဲ့ TWICE အဖွဲ့ဝင် Jihyo တို့ တွဲနေကြပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ အေဂျင်စီနှစ်ခုလုံးက ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုနှစ် အစောပိုင်းကတည်း သူတို့ နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Jihyo ကို ကိုယ်စားပြုတဲ့ ကုမ္ပဏီ JYP အင်တာတိန်းမန့်ကတော့ “Jihyo နဲ့ Kang Daniel တို့ဟာ လက်ရှိမှာ တဦးအပေါ်တဦး ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ တွဲနေကြတာ” လို့ ပြောဆိုခဲ့ပါတယ်။
Kang Daniel ရဲ့ အေဂျင်စီ KONNECT အင်တာတိန်းမန့်ကတော့ “ပထမဆုံး သတင်းအမှန်ကို အတည်ပြုနေတာကြောင့် အခုလိုမျိုး တရားဝင်အနေအထားကို နောက်ကျပြီးမှ ထုတ်ပြန်ခဲ့ရတဲ့အတွက် တောင်းပန်ချင်ပါတယ်။ Kang Daniel နဲ့ Jihyo တို့ဟာ လက်ရှိမှာ ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ တွဲနေကြပြီဆိုတာ အတည်ပြုနိုင်ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို ဆက်လက် စောင့်ကြည့်ပေးကြပါဦး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Dispatch မီဒီယာက သူတို့နှစ်ဦးရဲ့ အချစ်ရေးသတင်းကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီသတင်းမီဒီယာရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ သြဂုတ်လ ၁ ရက်နေ့တုန်းက ဆိုးလ်မြို့မှာရှိတဲ့ ဟန်နမ်အရပ်မှာ ချိန်းတွေ့နေခဲ့ကြတာကို မြင်တွေ့ခဲ့ကြရတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တခုက “Kang Daniel နီးစပ်တဲ့ စီနီယာတယောက်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တာ”လို့ ပြောကြားခဲ့ပါတယ်။
Dispatch မီဒီယာ ဝက်ဘ်ဆိုက်ကနေ နောက်ထပ်ထုတ်ပြန်လိုက်တဲ့ သတင်းကတော့ Wanna One အဖွဲ့ဝင်ဟောင်း Kang နဲ့ TWICE အဖွဲ့ဝင် Jihyo တို့ဟာ အနည်းဆုံး တပတ်ကို တကြိမ်လောက် တွေ့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ယောက်ဟာ UN Village နားက ရပ်ကွက်တခုမှာ မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ယောက် အဓိကတွေ့ဆုံတဲ့ နေရာကတော့ Kang Daniel ရဲ့ လုံခြုံမှုမြင့်တဲ့ နေအိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီသတင်းအေဂျင်စီဟာ Jihyo က Kang ရဲ့ အိမ်ကို ရောက်ရှိလာတဲ့ ဓာတ်ပုံတွေကို ရရှိခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်ကားနဲ့မောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်ရပ်တခုမှာ Jihyo အဖွဲ့ဝင်တယောက်က Kang အိမ်ကို ကားမောင်းပို့ပေးခဲ့ပြီးနောက် ပြန်လာခေါ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
အဆိုတော် Kang ဟာ “Produce 101” ရဲ့ Season 2 ပြီးတဲ့နောက် Wanna One အဖွဲ့ဝင်တဦးအဖြစ် ပွဲဦးထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလမှာ အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက် တကိုယ်တော် ပွဲဦးထွက်ဖို့ ပြင်ဆင်နေခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အေဂျင်စီ အသစ် LM အင်တာတိန်းမန့်နဲ့ တရားရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ခဲ့တာကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ နောက်တော့ သူဟာ ကိုယ်ပိုင်အေဂျင်စီ Konnect ကိုထူထောင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လမှာပဲ တကိုယ်တော် ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။
အဆိုတော် Jihyo ကတော့ အဖွဲ့ဝင် ၉ ဦးပါတဲ့ TWICE အဖွဲ့ဝင်တဦးအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ TWICE အဖွဲ့ဝင်တွေရဲ့ ၃ နှစ်ကြာ ရည်းစားထားမှုကို ပိတ်ပင်ထားမြစ်ချက်ဟာ ၂၀၁၉ ခုနှစ်အစပိုင်းမှာ ပြီးဆုံးခဲ့ပါတယ်။
Ref. aceshowbiz
You may also like these story:
အချိန်တိုတွင်း Instagram မှာ Follower ၁ သန်း ရရှိခဲ့သူအဖြစ် Kang Daniel မှတ်တမ်းဝင်