ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “ည” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က ဗီဒီယိုခေတ်ကို မမီခဲ့တာကြောင့် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်းနဲ့ အတွေ့အကြုံ ယူနေရတယ်လို့ ပြောပါတယ်။
“ကျနော်တို့မှာ တခု အခက်အခဲ ရှိတာက ကျနော်တို့က ဗီဒီယိုခေတ်ကို မမီလိုက်ဘူး။ မမီလိုက်တော့ အတွေ့အကြုံ ဆိုတာ မရှိဘူး။ ဗီဒီယို အရိုက်များတဲ့သူတွေ ကျတော့ ရှုတင် အတွေ့အကြုံတွေ၊ ကင်မရာ အတွေ့အကြုံတွေ အရမ်းများတယ်။ ကျနော်တို့က ရုပ်ရှင်ကို တန်းကူးလာတဲ့သူတွေ ဖြစ်တဲ့အတွက် ရုပ်ရှင်ကနေပဲ အတွေ့အကြုံတွေ သင်ရတယ်”လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား ၅ ကားခန့် ရိုက်ကူးထားပြီး တတိယမြောက် ရုံတင်ကားဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ကိုတော့ သြဂုတ်လ ၈ ရက်နေ့မှာ ပြသမှာ ဖြစ်ပါတယ်။
“အခုဆိုရင် ကျနော် ရုပ်ရှင်ရိုက်ထားတာ ၅ ကားမြောက်မှာ ၃ ကားမြောက် တင်တဲ့ကားပေါ့။ ဒီ ၃ ကားမြောက်တင်တဲ့ ကားမှာတင် ကျနော့်ရဲ့သရုပ်ဆောင်တဲ့ စွမ်းရည်ကလည်း တဖြည်းဖြည်းချင်း တိုးတက်အောင် ကြိုးစားရတာပေါ့” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
ချမ်းမင်းရဲထွဋ်ကို “ည” ၊ “သမ္မတကြီးထံပေးစာ” စတဲ့ ရုပ်ရှင်ကားတွေမှာတော့ ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်၊ အမာဇာတ်ရုပ်များနဲ့ တွေ့ခဲ့ရပြီး မကြာခင် ပြသမယ့် “ပုရိသ” ရုပ်ရှင်မှာတော့ ဟာသ ဇာတ်ကောင်နဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
“ပုရိသကားထဲက ကာရိုက်တာက ကျနော် တခါမှ မလုပ်ဖူးတဲ့ ဟာသ စခွီလေးပေါ့။ အရှေ့က ရိုက်ခဲ့တဲ့ကားတွေနဲ့ ၁၀၀ ရာခိုင်နှုန်း ခြားနားတဲ့ အတွက်ကြောင့် ပရိသတ် ကျနော့်ကို ဒီကားနဲ့ လက်ခံလား၊ မခံလားဆိုတာကို သိချင်တဲ့အတွက်ကြောင့် ကြိုးစားပြီးတော့ ရိုက်ကူးခဲ့တာပါ”
“ဟာသလုပ်ရတာ ပိုခက်ခဲမယ်။ ရုပ်ရှင်ကြည့်တဲ့ သူတယောက်က ရယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လုပ်ရယ်ရတာ မဖြစ်အောင်လည်း အရမ်းကြိုးစားရတယ်။ အဓိကက ပရိသတ် မရယ်မှာကို စိုးတာ” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
မကြာခင်မှာလည်း မိုရီဆာကီဝင်း၊ နေခြည်ဦးတို့နဲ့အတူ ဇာတ်လမ်းတွဲတခု ရိုက်သွားဖို့ရှိပြီး ဒီဇာတ်လမ်းတွဲကတော့ သူရိုက်ချင်တဲ့ ကာရိုက်တာကို လုပ်ခွင့်ရမှာလို့ ဆိုပါတယ်။
“၁၀ လပိုင်းမှာ တီဗီဇာတ်လမ်းတွဲတခု ရိုက်ဖို့ရှိတယ်။ ကျနော်ရယ်၊ မိုရီဆာကီဝင်းရယ်၊ နေခြည်ဦးရယ်ပဲ။ အဲ့ထဲမှာ ကျနော် အရမ်းလုပ်ချင်တဲ့ ကာရိုက်တာတခုကို လုပ်ခွင့်ရမယ်။ MNTV ကနေ လွှင့်မှာပေါ့။ 7 Sense က ရိုက်ကူးမှာပါ။ အောက်တိုဘာမှာ ရိုက်ဖို့အတွက် စီစဉ်ထားတယ်။ အခု ဇာတ်ညွှန်း စဖတ်ဖို့အတွက် လုပ်နေပါတယ်။ ပြင်ဆင်ဖို့အတွက် အချိန်ရတယ်ဆိုတော့ ဒီဇာတ်ရုပ်အတွက် ကြိုးစားသွားမှာပါ”လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
ချမ်းမင်းရဲထွဋ်ကတော့ လာရောက် ကမ်းလှမ်းတဲ့ ဇာတ်ရုပ်တွေကိုတော့ သူ့ရဲ့ဆရာသမားများဖြစ်ကြတဲ့ ထူးပိုင်ဇော်ဦး၊ ဝိုင်း၊ အောင်ချမ်းလူတို့ရဲ့ လမ်းညွှန်မှုဖြင့် လက်ခံဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“သမ္မတကြီးထံပေးစာ” ရုပ်ရှင်မှာ သရုပ်ဆောင်တာ ၁၀၀ ရာခိုင်နှုန်း ကျေနပ်ပါတယ်
အသည်းကွဲပြီးကတည်းက အချစ်ရေးကို ဦးစားမပေးတော့တဲ့ ချမ်းမင်းရဲထွဋ်
ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် ချမ်းမင်းရဲထွဋ်ရဲ့ ဆုတောင်းစကား