မကြာခင် ရုံတင်ပြသတော့မယ့် “ပုရိသ” ရုပ်ရှင်ကားမှာ ခိုင်သင်းကြည်ရဲ့ ယောကျာ်းအဖြစ် သရုပ်ဆောင်ထားတဲ့ ထက်အောင်ရှိုင်းက သရုပ်ဆောင်တဲ့အခါ မဝံ့မရဲ ဖြစ်နေတာတွေကို ခိုင်သင်းကြည်က သင်ပြပေးတယ်လို့ ပြောပါတယ်။
“မခိုင်လေးက အရမ်းတော်တယ်၊ အရမ်းလေးစားဖို့ ကောင်းတယ်။ ကာရိုက်တာ တခုမှာ သူတယောက်တည်း လုပ်နိုင်တာအပြင် တခြားသူနဲ့ တွဲပြီးတော့ သရုပ်ဆောင်ရတဲ့သူကိုပါ တခါတည်း အပါဆွဲခေါ်သွားနိုင်တယ်။ အဲ့လို အရည်အချင်းမျိုးရှိတဲ့ အနုပညာရှင်တယောက်ပါ လေးစားဖို့ ကောင်းပါတယ်။ သူနဲ့ဆုံတာလည်း ၃၊ ၄ ကားလောက် ရှိပါတယ်။ ရှိန်နေတာမျိုးတွေ၊ မဝံ့မရဲဖြစ်နေတာတွေကို သင်ပေးပါတယ်”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။
ကာရိုက်တာအရ LGBT (Lesbian, Gay, Bisexual, Transgender) တယောက်အဖြစ် သရုပ်ဆောင်ရတဲ့ အပိုင်းများပါဝင်ပြီး ပေါတောတော ဖြစ်မသွားအောင် ခိုင်သင်းကြည်က သင်ပေးတယ်လို့ ပြောပါတယ်။
“LGBT တယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ဟာသအရမ်းကြီး လုပ်လိုက်တဲ့အခါကျရင် ပေါတောတော ဖြစ်သွားမှာလား၊ ပိုကောင်းသွားမှာလားဆိုတာကို မခိုင်လေးက ပိုကောင်းသွားအောင် သင်ပေးတယ်” လို့ ထက်အောင်ရှိုင်းက ပြောပါတယ်။
LGBT အဖြစ် သရုပ်ဆောင်တဲ့အခါမှာလည်း သူတို့ရဲ့ချစ်စရာကောင်းတဲ့ အမူအရာများကို ဟာသဖြစ်အောင်သာ ဖန်တီးခဲ့ပြီး တခြား ဘယ်လိုစိတ်မျိုးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ဒီကားထဲမှာကျနော်က LGBT တယောက်အနေနဲ့ သရုပ်ဆောင်ထားရတယ်။ ဒါပေမဲ့ ကျနော်တို့ စိတ်ထဲမှာ LGBT တွေရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ၊ ကနွဲ့ကလျ အမူအရာလေးတွေ ပရိသတ်ကို ဟာသ Message ပေးတဲ့ ပုံစံမျိုးလေးတွေနဲ့ပဲ အနုပညာကို ဖန်တီးခဲ့တာပါ။ တခြား ဘာစိတ်မှ မရှိပါဘူး” လို့ ထက်အောင်ရှိုင်းက ပြောပါတယ်။
“ပုရိသ” ရုပ်ရှင်မှာတော့ ကျော်ရဲအောင်၊ ရဲအောင်၊ ထက်အောင်ရှိုင်း၊ တိုင်ရွန်၊ ချမ်းမင်းရဲထွဋ်၊ အေးချမ်းမောင်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့က ပါဝင်သရုပ်ဆောင်ထားပြီး သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
ထက်အောင်ရှိုင်းကတော့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးနေကာ သူပါဝင် သရုပ်ဆောင်ထားပြီး ရုံမတင်ရသေးတဲ့ ဇာတ်ကားများစွာလည်း ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတခု ရိုက်ဖို့ရှိပြီး Sky Net မှာလည်း “နပန်းရွာ” ဆိုတဲ့ကား ပြသနေတယ်လို့ သိရပါတယ်။
You may also like these stories:
နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်
သရုပ်ဆောင်အလုပ်အပြင် သီချင်းတွေပါ ဆိုတော့မယ့် ထက်အောင်ရှိုင်း