အနုပညာလောကမှာ အချိန်ကြာ ရပ်တည်လာခဲ့ပြီး နာမည်ဆိုး ထွက်တာ နည်းတဲ့ သရုပ်ဆောင် နေတိုးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ သတင်းတခုအရ သရုပ်ဆောင်ကြေး ၂ ဆ ပေးရတယ် ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့သရုပ်ဆောင်ကြေးကတော့ ပရိသတ် အားပေးမှုနဲ့ တိုက်ရိုက် အချိုးကျနေတယ်လို့ ပြောပါတယ်။
“သရုပ်ဆောင်ကြေးဆိုတာ ပေးချင်တိုင်းပေးလို့ မရဘူး။ Production Cost မှာ သရုပ်ဆောင် တယောက်အတွက် ဘယ်လောက် သုံးသင့်တယ်။ ရိုက်ကူးရေးအတွက် ဘယ်လောက်လောက် သုံးသင့်တယ်ဆိုတဲ့ Plan တွေ ရှိပြီးသားဆိုတော့ သရုပ်ဆောင်ကြေးဆိုတာ ပရိသတ်သိအောင် ပြောတာပါ။ ပရိသတ် အားပေးမှု အနည်းအများပေါ် မူတည်ပြီး သတ်မှတ်တာ ဖြစ်တဲ့အတွက် ကျနော့်ကို အားပေးမှုနဲ့ သရုပ်ဆောင်ကြေးနဲ့က တိုက်ရိုက် အချိုးကျနေပါတယ်”လို့ နေတိုးက ပြောပါတယ်။
နာမည်ကျသွားတဲ့ အချိန်မှာတော့ အနုပညာရှင် တယောက်အနေနဲ့ အနုပညာကြေး လျော့သွားတာတွေ ရှိမှာဖြစ်ပြီး ယခင် ဗီဒီယိုခေတ်မှာလည်း ဒီလို အခြေအနေမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“သဘောတခုက နာမည်နည်းနည်းလေး အရှိန်ရနေတဲ့အချိန်မှာ ရှိနေတဲ့ အနုပညာကြေးနဲ့ နာမည် မရဘဲနဲ့ နာမည်ကျသွားတဲ့အချိန်မှာ အနုပညာကြေး လျော့သွားတာတွေ ရှိခဲ့တယ်။ ဟိုအရင် ဗီဒီယိုခေတ်မှာလည်းရှိခဲ့တယ်။ အဲ့လိုမျိုးပဲ ရုပ်ရှင်ခေတ်မှာလည်း ကျနော်တို့ရဲ့ အနုပညာကြေးဆိုတာ ပရိသတ်ရဲ့ အားပေးမှု အနည်းအများပေါ်မှာ မူတည်နေတယ်။ ကျနော့်ရဲ့ သရုပ်ဆောင်ကြေး မြင့်တယ်ဆိုတာ အားပေးတဲ့ ပရိသတ်များလာတဲ့ အပေါ်မှာ မူတည်ပါတယ်”လို့ နေတိုးက ပြောပါတယ်။
အနုပညာကြေး ၂ ဆ ပေးရတယ် ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြုပြောသွားခဲ့ခြင်း မရှိဘဲ ပရိသတ်အပေါ်သာ မူတည်ကြောင်း ပြောခဲ့ပါတယ်။
“အနုပညာကြေးဆိုတာကလည်း ပရိသတ်အပေါ်မှာပဲ မူတည်ပါတယ်။ အရင်တုန်းကလည်း ဗီဒီယိုခေတ်မှာလည်း ရှိခဲ့တယ်။ အထက်မြန်မာပြည်က ရတဲ့ကြေးသည် ရုပ်ရှင်သရုပ်ဆောင် တယောက်ရဲ့ ကြေးပေါ့။ ပရိသတ်အားပေးမှု အနည်းအများပေါ်မှာ ရုပ်ရှင်သရုပ်ဆောင်တွေက အနုပညာကြေး အနည်းအများ မူတည်သွားတယ်”လို့ နေတိုးက ပြောပါတယ်။
နေတိုး မကြာခင်မှာလည်း 7th Sense Production နဲ့အတူ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “စစ်ကား” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီစစ်ကားမှာ စစ်တိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေ ပါတယ်။ စစ်ကားဆိုတဲ့ သဘောသဘာဝကလည်း ခန္ဓာကိုယ် ကျစ်လျစ်မှုက အရေးကြီးတယ်။ ပင်ပင်ပန်းပန်း သရုပ်ဆောင်ရမယ့် ဇာတ်ပေါ့နော်။ ရုပ်ရောစိတ်ရောပေါ့၊၂ ခုလုံး ပင်ပန်းမယ့် ဇာတ်ကားပေါ့။ ကြိုတင်ပြင်ဆင်တဲ့ထဲမှာ Gym ဆော့တာလည်း ပါသွားတယ်”လို့ နေတိုးက ပြောပါတယ်။
စစ်ကား ရိုက်ကူးလာတာတော့ အနုပညာ သက်တမ်းတလျှောက် ၅ ကားနဲ့အထက်မှ ာရှိပြီး အခုရိုက်ကူးမယ့်ကားကတော့ ဟာသနဲ့ Adventure ရောထားတာ ရှားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း နေတိုး ပါဝင် သရုပ်ဆောင်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
You may also like these stories:
“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော
မိန်းကလေးပုံစံဝတ်ပြီး သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်ပြောပြတဲ့ နေတိုး
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး