လတ်တလော MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲထဲက KTV မှာ အလုပ်လုပ်တဲ့ ဝေနှင်းဖြူဆိုတဲ့ မိန်းကလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ မြနှင်းရည်လွင်ဟာ အဲဒီ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကာရိုက်တာ ဝင်အောင်လို့ KTV က ကောင်မလေးတွေဆို ဟော့ဟော့ရမ်းရမ်း ပုံစံဆိုတော့ သူတို့ရဲ့ပုံစံမျိုးတွေ နည်းနည်းတော့ လေ့လာရတာပေါ့။ မေးပြီးတော့ လေ့လာတာတော့ မဟုတ်ဘူးပေါ့။ ကိုယ်မြင်ဖူးထားတဲ့ ဟာလေးတွေ ပြန်ကြည့်တာတို့၊ နောက်ပြီးတော့ ကိုယ်သွားလို့ရှိရင်လည်း ခပ်လှမ်းလှမ်းကနေ သူတို့ပုံစံလေးတွေကို ကြည့်ထားတာတို့ပေါ့”
“ကျန်တာကတော့ ဝေနှင်းဖြူဆိုတဲ့ ကောင်မလေးက ဒီထဲမှာ သူတို့ စိတ်နေစိတ်ထားနဲ့ ကိုယ်နဲ့ လိုက်နိုင်မယ့်ပုံစံမျိုးကို ပြန်ပေါင်းပြီးတော့ သရုပ်ဆောင်ထားတာပါ”လို့ မြနှင်းရည်လွင်က ဧရာဝတီကို ပြောပါတယ်။
ဒီကားထဲမှာတော့ မြနှင်းရည်လွင်ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုများကြောင့် ပရိသတ်များက သဘောကျ နှစ်သက်လျက်ရှိပြီး ဒီကာရိုက်တာအတွက်တော့ လေ့လာတဲ့အချိန်က အရမ်းမများလိုက်ဘဲ မြင်ဖူးတွေ့ဖူးတာတွေနဲ့ လက်တွေ့ကျအောင် သရုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ကို လေ့လာတဲ့အချိန်တော့ အရမ်းမများလိုက်ပါဘူး။ တိုက်ရိုက်ကြီးတွေ မေးတာမျိုးတော့ မရှိပါဘူး။ သူငယ်ချင်းတွေနဲ့ KTV သွားတုန်းက မြင်ဖူး၊ ကြားဖူးတာတွေကို အပြင်ကလူတွေ နားလည်ခံစားလို့ရအောင် ပြန်ကြည့်တယ်။ KTV တို့၊ အငယ်အနှောင်းတို့ဆိုရင် မကြိုက်ကြဘူး။ မုန်းတာ ပိုများတယ်။ ဒါပေမဲ့ အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာမျိုးကို ကိုယ်ကလည်း သဘာဝကျပြီး အဲ့ကောင်မလေးရဲ့ သူတို့ရဲ့ Lifestyle ပေါ်သွားအောင် သရုပ်ဆောင်ထားတာ မျိုးပေါ့နော်”လို့ မြနှင်းရည်လွင်က ပြောပါတယ်။
အရှေ့မှာလည်း ဗီလိန် ဇာတ်ရုပ်တွေကို သရုပ်ဆောင်ခဲ့ပြီး သမားရိုးကျ မဟုတ်တဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတဲ့အခါမျိုးမှာ အဆင်ပြေမှု ရှိရဲ့လား ဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။
“အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေက တခုကောင်းတာက ဗီလိန်လို့သာ ပြောကြတာ သူ့မှာ အတိတ် ရှိခဲ့တယ်။ အဲ့လိုပုံစံမျိုးနဲ့ သွားတာ ဆိုတော့ အဆင်ပြေတယ်။ နောက်ပြီးတော့ ပရိသတ်က ကျတော့လည်း ဒီကာရိုက်တာကို ကြည့်ပြီးတော့ မြနှင်းကို မုန်းသွားတာ မဟုတ်ဘူး။ ဒီကာရိုက်တာကို ဘယ်လောက် လုပ်နိုင်လဲဆိုတာကို ပရိသတ်က ကြည့်တတ်လာပြီ၊ အဆင်ပြေတယ်”လို့ မြနှင်းရည်လွင်က ပြောပါတယ်။
မြနှင်းရည်လွင်ကတော့ MRTV-4 က Talent တယောက်မဟုတ်ပေမယ့် ဇာတ်လမ်းတွဲများကို လက်တွဲသရုပ်ဆောင်ဖြစ်နေပြီး ဝေနှင်းဖြူ ဇာတ်ရုပ် ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။
“ပုံမှန်ဆိုရင်တော့ မြနှင်းက MRTV-4 မှာ Talent တော့ မဟုတ်ဘူး။ Third Party အနေနဲ့ ရိုက်ကူးနေတာတော့ အရှေ့မှာလည်း ရှိတယ်။ ဒီကားမှာလည်း Third Party အနေနဲ့ပဲ KTV ကကောင်မလေးတယောက်။ နောက်ပြီးတော့ ကာရိုက်တာကလည်း ပြောင်းပြောင်းသွားတာပါတော့ စိတ်ဝင်စားတယ်။ စိတ်ဝင်စားပြီးတော့ ဇာတ်ညွှန်းကို ဖတ်ကြည့်တော့ အဲဒီကာရိုက်တာ ကောင်မလေး ဝေနှင်းဆိုတာကို သွားခံစားလို့ ရနေတာ။ ပိုပြီးအားထည့်ပြီး ရိုက်ကူးဖြစ်သွားတာ”လို့ မြနှင်းရည်လွင်က ပြောပါတယ်။
များသောအားဖြင့် Canal+ က ထုတ်လွှင့်တဲ့ပြသသော ဇာတ်လမ်းတွဲများမှာ အတွေ့များတဲ့ မြနှင်းရည်လွင်ကတော့ MRTV-4 ကပြသတဲ့ “နွေကန္တာဦး” ၊ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲများမှာလည်း ပါဝင်ခဲ့ပြီး အခုပြသတဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့လက်ခံမှုများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။
မြနှင်းရည်လွင်ကတော့ ထပ်မံပြီးတော့လည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားပြီး သူ့ကို မတူညီတဲ့ ကာရိုက်တာများနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ပုံစံမျိုး ဓာတ်ပုံ ရိုက်ကူးမှု လုပ်ခဲ့တဲ့ မြနှင်းရည်လွင်
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲမှာ အဝတ်အစား ၂ လလောက် မလျှော်ဘဲ ဝတ်ခဲ့ရတဲ့ ဟိန်းထက်