ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်မှာ ဝန်ကြီးနေရာကနေ ပါဝင် သရုပ်ဆောင်ထားတဲ့ နေထက်လင်းက အဲဒီ ကာရိုက်တာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“နိုင်ငံကြီးသားကားမှာ ကာရိုက်တာ အဆန်းကို ပေးထားတော့ ကျနော်အနေနဲ့ တာဝန် အရမ်းကြီးတော့ ခံစားချက်ကတော့ စိတ်လှုပ်ရှားတာပေါ့။ ကျနော် ဒီကားထဲက ကာရိုက်တာက ဝန်ကြီးပါ။ ကျနော် အိုက်တင်မကောင်းရင်တော့ ဆဲခံရမှာပေါ့။ အိုကေ သွားရင်တော့ လက်မထောင်လို့ ရတာပေါ့။ ကျနော် တခါမှ ဒီလို ကာရိုက်တာကို သရုပ်မဆောင်ဖူးပါဘူး။ ပရိသတ်က နားလည် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ နေထက်လင်းက ပြောပါတယ်။
ဆက်လက်ပြီး နေထက်လင်းက ဒီဇာတ်ကားမှာ သူပြောရတဲ့ စကားလုံးတွေက ထိမိတာကြောင့် ဒီဇာတ်ကားကို လာကြည့်စေချင်တယ်လို့ ပြောပါတယ်။
“ကျနော့်ကို ပြောခိုင်းတဲ့ စကားလုံးတွေက မိုက်တယ်ဆိုတာထက် တော်တော် ကြောက်တယ်။ အဲ့အတွက် ပရိသတ် ထိမိလိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ လုပ်မှ ရမယ်လေ။ ကျနော်တို့က အတည်အခန့် တွေ လုပ်တော့ တကယ်ရှိတာလား၊ ရုပ်ရှင်ဆိုပြီး စိတ်ကူးယဉ်ပြီး ရိုက်တာလား၊ သို့လော သို့လောတွေ ဖြစ်အောင် လုပ်ထားတာ။ ပိုစတာလောက်ကို ကြည့်ပြီး ဆဲမနေကြပါနဲ့။ ဒီကိုလာပြီး ဒီထဲက စကားတွေ ဘယ်လောက် ပြောင်မြောက်တယ် ဆိုတာ ကြည့်စေချင်ပါတယ်။ ဒီကားက နေရာတနေရာ ကျန်ခဲ့မယ်လို့ ထင်တယ်။ အမှတ်တရတွေတော့ အများကြီးပါ”လို့ နေထက်လင်းက ပြောပါတယ်။
“နိုင်ငံကြီးသား” ဇာတ်ကားမှာ နေထက်လင်းရဲ့ သားနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသွေးဟာ လက်ရှိအချိန်မှာတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့် မင်းသွေးအပေါ် စိတ်မကောင်းဖြစ်သလို သတိရမိတယ်လို့လည်း နေထက်လင်းက ဆိုပါတယ်။
“မင်းသွေးက နိုင်ငံကြီးသား ဇာတ်ကားမှာ ကျနော့်သား နေရာက လုပ်ရတာ။ ကျနော် စိတ်မကောင်းဘူး။ အရမ်း သတိရတယ်။ ကျနော်နဲ့လည်း တခန်းပဲ ဆုံလိုက်တယ်။ အမှတ်တရတွေကတော့ အများကြီးပါ။ မင်းသွေးက ဒီတိုင်းကြည့်လိုက်ရင် တမျိုးပဲ။ တကယ်ပေါင်း ကြည့်မှ ရိုးသားပွင့်လင်းတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ကလည်း မတူဘူး။ နေတိုးက တည်တယ်၊ အေးတယ်။ မင်းသွေးက ပွင့်ပွင့်လင်းလင်း ရှိတယ်”
“မင်းသွေး ဆုံးတာ ၁၀ လ ရှိပြီ။ သူ ကွယ်လွန်သွားတာ ကျနော့် အသွေးအသားထဲက ကျနော့် ညီလေးတယောက် ဆုံးရှုံးရသလို ခံစားရတယ်။ သူ့ ဘုရားတည်တဲ့ နေရာကို မရောက်ရောက်အောင် လိုက်ခဲ့တာပေါ့။ ကိုသားကြီး ဆုံးတုန်းကလည်း အစ်ကိုတယောက် ဆုံးရှုံးရသလို မင်းသွေးဆုံးတော့လည်း ကျနော့် ညီ တယောက် ဆုံးရှုံးရသလို ခံစားရပါတယ်”လို့ နေထက်လင်းက ပြောပါတယ်။
နေထက်လင်းကတော့ အက်ရှင်ကားတွေနဲ့ အနုပညာ လမ်းကြောင်းမှာ လူကြိုက်များတဲ့ မင်းသား တလက်ပါ။ ဆယ်စုနှစ် တစုကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းခဲ့သလို ခုချိန်ထိလည်း ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော
“ပရိသတ် အားပေးမှုနဲ့ သရုပ်ဆောင်ကြေး တိုက်ရိုက် အချိုးကျနေပါတယ်”လို့ နေတိုး ပြော
“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော