Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ Netfilx ကို ပြိုင်ဆိုင်ဖို့ ရည်ရွယ်ထားပြီး လာမယ့် နိုဝင်ဘာလမှာ စတင်ဖို့ စီစဉ်ထားတဲ့ ရုပ်သံ Streaming ဝန်ဆောင်မှုအတွက် “Home Alone” နဲ့ “Night At The Museum” ရုပ်ရှင်တွေကို ပြန်လည် ဆန်းသစ် ရိုက်ကူးမယ်လို့ သိရပါတယ်။ ဝင်ငွေကောင်းခဲ့တဲ့ အဲ့ဒီရုပ်ရှင်တွေကို Disney က 21st Century Fox ကို ဝယ်ယူလိုက်ချိန်ကတည်းက ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အမှုဆောင်အရာရှိချုပ် Bob Iger က “Disney ဟု Fox ရဲ့ နာမည်ကျော်ကြားတဲ့ ရုပ်ရှင်တွေကို ပြန်လည် ဆန်းသစ်ဖို့ အားရုံစိုက်ထားပါတယ်။ ဥပမာ Disney+ ကနေ မျိုးဆက်သစ်တွေအတွက် Home Alone, Night At The Museum, Cheaper By The Dozen နဲ့ Diary Of A Wimpy Kid တို့လို ရုပ်ရှင်တွေလိုပေါ့။ ဒီပြသခွင့် ရတာတောင် ဘယ်ဟာမှ အရေးမကြီးတော့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး ဗားရှင်းအသစ်နဲ့ ပြန်ရိုက်မယ့် ရုပ်ရှင်တွေကို ရုပ်ရှင်အနေနဲ့ပဲ ပြန်ဖန်တီးမှာလည်း ရုပ်သံစီးရီးအနေနဲ့ ဖန်တီးမှာလား ဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့ပါဘူး။ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုလည်း မကြေညာခဲ့ပါဘူး။

မူရင်း “Home Alone” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Macaulay Culkin ကတော့ “ဟေး Disney ရေ။ ကျနော့်ကို ခေါ်ပါ။” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
Ben Stiller ရဲ့ “Night At The Museum” ၃ ကားတွဲ ရုပ်ရှင်ကတော့ ညဘက်မှာ အသက်ဝင်လာတဲ့ ရုပ်တုတွေရှိရာ ပြတိုက်တခုရဲ့ လုံခြုံရေးမှူး တယောက်အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်နှစ်ကားလုံးဟာ Disney+ ဝန်ဆောင်မှုမှာ ပြသမယ့်အပြင် HBO Max, Apple, NBCUniversal နဲ့ Amazon Prime တို့လိုမျိုး Streaming ဈေးကွက်တွေထဲကိုပဲ ရောင်းချဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
Disney ဟာ စူပါဟီးရိုး ရုပ်ရှင်တွေနဲ့ ရုပ်သံအစီအစဉ်တွေကိုထုတ်လုပ်နေတဲ့ Marvel စတူဒီယိုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အမေရိကန်နိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်ပြီးပြီ ဆိုရင်တော့ Disney+ ကို ဥရောပအထိပါ တိုးချဲ့ဖို့ ပြင်ဆင်ထားပါတယ်။ Star Wars, Pixar နဲ့ Marvel ရုပ်ရှင်တွေအပါ အဝင် ရုပ်ရှင်ကားပေါင်း ၃၀၀ လောက်နဲ့ စတင်ပြသမှာ ဖြစ်ပါတယ်။
Ref. AFP
You may also like these stories:
တရုတ် ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ အောင်ပွဲခံနေတဲ့ “နီကျား” ကာတွန်းရုပ်ရှင်
ရုပ်ရှင်အသစ် ထပ်မံ ဖန်တီးဖို့ Disney နဲ့ ဘီယွန်းစေးတို့ ဆွေးနွေးနေ
နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်များ