ရုပ်ရှင်ဇာတ်ကား နာမည်နဲ့တင် လူအများ စိတ်ဝင်စားနေတဲ့ “စစ်ကား” ရုပ်ရှင်ကိုတော့ Comedy, Adventure (ဟာသနဲ့ စွန့်စားခန်း) ပုံစံ ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
“အရေးတကြီး ပြောချင်တာက ပရိသတ်က စစ်ကားဆိုတာနဲ့ တခြားအာရုံကို ရောက်သွားတာမျိုး ရှိတယ်။ နိုးပါ။ ကျနော့် ဒီစစ်ကားသည် ပေါလစီကားလည်း မဟုတ်ပါဘူး။ နိုင်ငံတော်ကားလည်း မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ကောင်းကြောင်းတွေ လုပ်ဆောင်ချက်တွေကို ပြမယ့် ကားလည်း မဟုတ်ပါဘူး”
“ပရိသတ်ကို ရယ်စရာတွေ ပျော်စရာတွေနဲ့ ဘဝအမောတွေ ပြေစေပြီးတော့ အဲ့ထဲမှာမှ သင်ယူစရာတွေ ကျနော်တို့အတွက် သင်ခန်းစာ ရစရာတွေကို ချပြမယ့် ရုပ်ရှင်ကား ဖြစ်တယ်။ အဓိကကတော့ Comedy, Adventure ပါ”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
အဆိုပါ “စစ်ကား” ရုပ်ရှင်မှာတော့ သရုပ်ဆောင် မင်းသား၊ မင်းသမီးများနဲ့ ဇာတ်ပို့၊ ဇာတ်ရံများ များစွာ ပါဝင်မှာဖြစ်ပြီး ရယ်စရာ ဟာသတွေ အများကြီး ပါဝင်မယ်လို့ သိရပါတယ်။
“ဒီကားမှာ မင်းသားတွေအပြင် ဟာသ လူရွှင်တော်တွေ အများကြီးပါတဲ့ ရုပ်ရှင် ဖြစ်တယ်။ ဒီကားမှာ ဟာသ ပါတယ်၊ အက်ရှင် ပါတယ်။ Adventure ပါတယ်၊ ဒရာမာ ပါမယ်။ ပရိသတ်ကို ရသအစုံလေး စစ်ကားဆိုပြီးတော့ စစ်တွေ တိုက်နေတာချည်းပဲ မဟုတ်ဘဲနဲ့ ရသစုံလေး ပေးချင်တာ ပါတယ်။ ရာခိုင်နှုန်း အရတော့ ရယ်စရာတွေ အများကြီး ပါတယ်”လို့ ကိုပေါက်က ပြောပါတယ်။
သရုပ်ဆောင်တွေ များစွာပါဝင်တဲ့အတွက် သူတို့ရဲ့အခန်းကဏ္ဍတွေကို ဘယ်လို မျှတအောင် ထားပေးမလဲဆိုတာကိုလည်း ကိုပေါက်က အခုလိုပြောပါတယ်။
“ဒီလူတွေ အကုန်လုံးကတော့ ကျနော်တို့အတွက် လိုအပ်တဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ သူတို့ပါဝင်ရတဲ့အခန်းကဏ္ဍ၊ သူတို့ပါဝင်ရတဲ့ နေရာတွေမှာ တယောက်ချင်းစီတိုင်းသည် လုပ်ပိုင်ခွင့်တွေ ရှိတယ်။ တယောက်ချင်းစီတိုင်းသည် အမှတ်ရစရာတွေ ဖြစ်မယ်။ တယောက်ချင်းစီတိုင်းက ကျနော့်ဇာတ်အတွက် လိုအပ်တဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်”လို့ ကိုပေါက်က ပြောပါတယ်။
ဇာတ်လမ်းအရ ၁၉၄၅ ခုနှစ်ခန့်က အချိန်ကို ဇာတ်အိမ် တည်ထားပြီး ဒါရိုက်တာ တယောက်ရဲ့ စိတ်ကူးထဲက ဇာတ်ကောင်များ၊ နေရာများကိုသာ ဖန်တီးရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ခေတ် နောက်ပြန်ဆွဲတာကတော့ ဇာတ်လမ်းရဲ့ အခြေတည်ထားတာသည် ၁၉၄၅ ခုနှစ် ဂျပန်ကို မဟာမိတ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေး ပြောက်ကျား ရဲဘော်တွေနဲ့ ပြန်ပေါင်းပြီး ဂျပန်တွေကို တိုက်ထုတ်တဲ့ အချိန်ပတ်ချာလည်ကို ယူထားတယ်”
“အဲ့ခေတ် စနစ်တော့ ပါတယ်။ အဲ့ထဲမှ ာယူထားတဲ့ ရွာလေးကတော့ ကျနော် စိတ်ကူးယဉ်ထားတဲ့ ရွာလေးသာ ဖြစ်တယ်။ ဒီရွာလေးထဲမှာနေတဲ့ ရွာသားများသည်လည်း ကျနော် စိတ်ကူးယဉ်ထားတဲ့ သူတွေသာ ဖြစ်တယ်”လို့ ကိုပေါက်က ပြောပါတယ်။
“စစ်ကား” ရုပ်ရှင်ကို သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ အချိန် ၁ လကြာ ရိုက်ကူးသွားမှာဖြစ်ပြီး ရေနံချောင်း၊ ဖြူး ၊ ပြင်ဦးလွင်၊ နောင်ချို၊ ကယားပြည်နယ် ဒီမောဆို့တို့မှာ သွားရောက် ရိုက်ကူးမယ်လို့ သိရပါတယ်။
“စစ်ကား” ရုပ်ရှင်မှာ သရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရွှေထူး၊ ထူးအောင်၊ နေမျိုးအောင်၊ နေထူးနိုင်၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်း၊ ရွှေရင်အေးနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။
You may also like these stories:
၁ လအတွင်း ရိုက်ကူးပြီးစီးခဲ့တဲ့ “ဇာတ်လိုက်” ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက်
“ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားအကြောင်း ရှင်းလာတဲ့ ဒါရိုက်တာ ကိုပေါက်
ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်
“Lady Boy လို့ နာမည်ပေးထားပေမယ့် အခြောက်ဇာတ်ကား မဟုတ်ပါဘူး”