မတူ ကွဲပြားတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် အားပေးမှု များစွာ ရရှိထားတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပေမယ့်လည်း သူ့မှာ ရုပ်ရှင် ရိုက်ချင်တဲ့ အိပ်မက်တခု ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အောင်မြင်တယ်ဆိုတာက အမြဲတမ်း ကြိုးစားနေရဦးမှာပါ။ အောင်မြင်တယ်ဆိုတာတော့ မရှိပါဘူး။ ဒါကတော့ ဇာတ်လမ်းတွဲပေါ့။ ရုပ်ရှင်ဆိုတာကိုတော့ ကိုယ်က သေသေချာချာနဲ့ မထွက်လာဖူးသေးဘူးပေါ့။ ရုပ်ရှင်ကတော့ ကိုယ်အရမ်း ရိုက်ချင်တဲ့ အိပ်မက်လေးတခုပါပဲ”လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
ရုပ်ရှင်ထက် ဇာတ်လမ်းတွဲက ပရိသတ် တုန့်ပြန်တာပိုမြန်ပြီး ကောင်းတာ၊ ဆိုးတာတွေ အများကြီး ရှိတဲ့ထဲက ကောင်းတဲ့ တုန့်ပြန်မှုရချင်ရင်တော့ အစကတည်းက ကြိုးစားရမယ်ထင်တယ်လို့ သူက ဆိုပါတယ်။
“ဇာတ်လမ်းတွဲက ရုပ်ရှင်ထက်စာရင် Feedback က အရမ်းမြန်တယ်။ ရိုက်ပြီးလို့ သိပ်မကြာခင် တနိုင်ငံလုံးကို လွှင့်တော့ Facebook တို့၊ ဘာတို့ကနေ Feedback က ပြန်လာတော့ ပိုပြီးတော့ မြန်ဆန်တယ်။ ကောင်းတာတွေလည်း ရှိသလို ဆိုးတာတွေလည်းရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က ကောင်းတာတွေချည်းပဲ ပြန်လာချင်တယ်ဆိုရင်တော့ အစကတည်းက ကြိုးစားရမယ်လို့ ကျနော် ထင်တယ်”လို့ သည်ခေတ်နေက ပြောပါတယ်။
ရုပ်ရှင်ထက် ဇာတ်လမ်းတွဲက ဖန်တီးရတဲ့နေရာမှာ ပိုပြီးလွတ်လပ်တယ်လို့ သူတယောက်တည်းရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။
“ဇာတ်လမ်းတွဲကျတော့ ပရိသတ်ကို အပိုင်း ၂၀ ဆိုလည်း ၂၀ ပေါ့။ ဆွဲခေါ်ရတာ Tempo တခုပေါ့။ ရုပ်ရှင်ကျတော့ ၂ နာရီအတွင်းမှာ ဇာတ်လမ်းက အရမ်းလည်း မိုက်နေရမယ်။ Tempo ကလည်း အရမ်းထိနေရမယ်။ Short Story ဆိုရင် သာမန် ရုပ်ရှင်တွေထက် အရမ်းခက်တယ်”
“တကြောင်းဝတ္ထုတွေ ဘာတွေ ရှိတယ်လေ။ တကြောင်းတည်းနဲ့ ဝတ္ထုက ထိရောက်သွားရမှာ ရှိတယ်။ ကိုယ့်တယောက်တည်း အမြင်နော်။ အမှန်ဖြစ်ရမယ်လို့ မပြောဘူး။ ဇာတ်လမ်းတွဲက ရုပ်ရှင်ထက် လွတ်လပ်တယ်လို့ မြင်တယ်”လို့ သည်ခေတ်နေကပြောပါတယ်။
သည်ခေတ်နေကတော့ ဇာတ်လမ်းတွဲဖန်တီးနေမှုမှာ ပျော်မွေ့နေတာ မဟုတ်ဘဲ ဇာတ်လမ်းတွဲတွေနဲ့ အကျိုးပေးနေတာကြောင့် ဖန်တီးဖြစ်နေတာလို့ သိရပါတယ်။
“ဇာတ်လမ်းတွဲကို ပျော်မွေ့တယ်ဆိုတာထက် ဇာတ်လမ်းတွဲမှာခုံမင်ပြီး အကျိုးပေးနေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုရင် ‘မနေ့က ဖြစ်သည်’၊ အခု ‘ငွေစက္ကူ ၇ ရွက်’ ပေါ့နော်။ နောက်ထပ်လည်း ရိုက်ဖို့ ရှိပါသေးတယ်”လို့ သည်ခေတ်နေက ပြောပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကတော့ လက်ရှိ MRTV-4 မှာပြသနေတဲ့ “ငွေစက္ကူ ၇ ရွက်”ကို ရိုက်ကူးထားပြီး ဇာတ်လမ်းတွဲတွေထဲမှာမှ တမျိုး ကွဲထွက်တဲ့ “မနေ့က ဖြစ်သည်” ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတဦး ဖြစ်ပါတယ်။
You may also like these stories:
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲထဲက ကာရိုက်တာအတွက် လေ့လာဖြစ်ပုံကို မြနှင်းရည်လွင် ပြောပြ
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲမှာ အဝတ်အစား ၂ လလောက် မလျှော်ဘဲ ဝတ်ခဲ့ရတဲ့ ဟိန်းထက်