ဟောလိဝုဒ်မင်းသား Nicolas Cage ဟာ တချိန်တုန်းက ဒဏ္ဍာရီလာ ကိစ္စရပ်တွေကို စိတ်ဝင်စားတဲ့ အတွက် Holy Grail (ယေရှုရဲ့ နောက်ဆုံးညဉ့်နက်စာ စားပွဲမှာ အသုံးပြုခဲ့တဲ့ မြင့်မြတ်သောခွက်) ကို ရှာဖွေဖို့ လုပ်ဆောင်ခဲ့ဖူးတယ်လို့ ပြောဆိုလိုက်ပါတယ်။
လောဘကြီးတဲ့ ရတနာရှာဖွေသူ Benjamin Franklin Gates အဖြစ် “National Treasure” ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Cage ဟာ တချိန်တုန်းက Holy Grail ပဟေဠိကို ဖြေခဲ့ဖူးပြီး Glastonbury ကနေ Rhode Island အထိ နေရာစုံကို ရောက်ခဲ့တယ်လို့ New York Times သတင်းစာကို ပြောဆိုခဲ့ပါတယ်။
“ကျနော်က Grail ပဟေဠိကို ဖြေဖို့ကြိုးပမ်းခဲ့တယ်။ ဒဏ္ဍာရီနောက်ကို စတင်လိုက်စားခဲ့တယ်။ ပြီးတော့ အဲ့ဒါတွေနဲ့ပတ်သက်တဲ့ တချို့ပစ္စည်းတွေကို တွေ့ခဲ့ရတယ်။ တကယ့်ကို ‘National Treasure’ ရုပ်ရှင်လိုမျိုးပါပဲ။ ထောက်ပံ့မှုတော့ မရှိခဲ့ဘူး။ နောက်ဆုံးမှာတော့ အဲ့ဒီ ဒဿနဆန်တဲ့ လောကထဲကနေ ထွက်တော့မယ်လို့ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ ရစ်လုံးမရှိဘဲ ကြိုးတချောင်းနဲ့ စွန်လွှတ်ဖို့ ကြိုးစားနေတဲ့သူ လိုပါပဲ”လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
ပြီးတော့ သူက “ကျနော်ဘာတွေ ပြောနေတယ်ဆိုတာကို ဘယ်သူကမှ နားမလည်ခဲ့ဘူး။ ပြီးတော့ လူတွေက တောင်ထိပ်ပေါ်မှာ တရားထိုင်နေတဲ့ လင်းယုန် တကောင်ထက် အော်ရန်အူတန် လူဝံ တကောင်လို ကျနော့်ကို ပို မြင်ချင်ကြတယ်လို့ ထင်ခဲ့တယ်”လို့ ဆိုပါတယ်။
ကိစ္စတော်တော်များများက တိုးတက်မှုရှိခဲ့ပြီး သူဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲမှာ Holy Grail နဲ့ ပတ်သက်တဲ့ အကိုးအကားတွေကို စတင်စုဆောင်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော့်အတွက်တော့ အဲ့ဒီခွက်က ဘယ်မှာလဲ ဆိုတာပါပဲ။ ရှိရောရှိရဲ့လား၊ အဲ့ဒီမှာများ ရှိနေဦးမလား။ Glastonbury မှာရှိလား၊ တကယ်ရှိတာလား။ Glastonbury ကို သွားမယ်ဆိုရင် Chalice Well ကိုလည်း သွားရမယ်။ အဲ့ဒီမှာ သွေးလိုမျိုး အရသားရှိတဲ့ စိမ့်စမ်း ရှိတယ်။ ဘာလို့ အဲ့ဒီလိုဖြစ်ရသလဲ ဆိုတော့ ရေထဲမှာ သံဓာတ်အများကြီးပါတယ်လို့ ခန့်မှန်းမိတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် လူပြောသူပြောများတဲ့ Rhode Island ကိုလည်း ရောက်ရှိပြီး ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရှာမတွေ့တဲ့နောက်ဆုံးမှာတော့ မင်းသား Cage ဟာ လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်။
Ref: ptinews
You may also like these stories:
နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲအတွက် သံတမန်အဖြစ် မင်းသား Nicolas Cage ခန့်အပ်ခံရ
သရုပ်ဆောင်လောကကနေ နုတ်ထွက်တော့မယ့် မင်းသား Nicolas Cage