မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံခဲ့ရတဲ့ အဆိုတော် အစ္စဏီကို တရားလိုဖြစ်သူ စူးရှထက်က ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က အမှုရုတ်သိမ်းပေးခဲ့ပြီး ဒီနေ့ သြဂုတ်လ ၉ ရက်နေ့မှာတော့ အစ္စဏီက တရားရုံးမှာ အာမခံ လျှောက်ထားခဲ့ပါတယ်။
အဆိုပါ အာမခံလျှောက်ထားမှုကိုတော့ တာမွေမြို့နယ် တရားရုံးက လက်မခံခဲ့ဘဲ အာမခံ လျှောက်ထားရတဲ့အကြောင်းကိုလည်း အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အာမခံ လျှောက်တယ်ဆိုတာ အကြောင်းမဲ့ သက်သက် လျှောက်တာ မဟုတ်ဘူး။ ကျနော့်ရဲ့ အမှုသည် အစ္စဏီဟာ ရုတ်သိမ်းလွှာ တင်ထားသော်လည်း ကျန်းမာရေး မကောင်းတဲ့အတွက် လျှောက်တာပါ။ ကိုအစ္စဏီဟာ အခုအချိန်မှာ ကျန်းမာရေး နည်းနည်းလေး ချို့ယွင်းနေတယ်။ သူ့ရဲ့ပရိသတ်ကို ပြောကြားလိုပါတယ်”လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အာမခံကိုတော့ တရားရုံးက ပယ်ချတာ မဟုတ်ဘဲ လျှောက်ထားမှုကို အကြောင်းအရာ မခိုင်လုံတဲ့အတွက် လက်မခံခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။
“အာမခံက လျှောက်ထားတာ မဟုတ်ဘူး။ တင်ပြတာ၊ ရုံးတော်က လက်ခံ၊ မခံ စဉ်းစား ဆုံးဖြတ်တာ။ တင်ပြတဲ့အပေါ် မူတည်ပြီးတော့ ရုံးတော်က စဉ်းစားဆုံးဖြတ်တဲ့ အရာပေါ့။ ရုံးတော်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းအရာ ခိုင်လုံမှု မရှိတာကြောင့် လက်မခံဘူးလို့ ပြောတာပါ။ ပယ်ချတာ မဟုတ်ပါဘူး။ လက်မခံတာပါ” လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
တရားလိုဘက်မှ ရုတ်သိမ်းလွှာ တင်သွားပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ခရိုင် ၊ တိုင်း အဆင့်ဆင့်ရဲ့ သဘောထား မှတ်ချက်များအပေါ် မူတည်ပြီး ရုတ်သိမ်းခွင့် ပြု၊ မပြုကို စောင့်ကြည့်ရဦးမှာလို့ သိရပါတယ်။
“ရုတ်သိမ်းလွှာက ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ ခရိုင်တွေတိုင်းတွေ အဆင့်ဆင့်ကို နိုင်ငံတော် ဥပဒေအရာရှိတွေ ဘက်ကနေ သဘောထား မှတ်ချက်တွေ၊ သက်ဆိုင်ရာ အရာရှိတွေဆီက သဘောထား မှတ်ချက်တွေ အဲဒါတွေနဲ့ အညီ ဆောင်ရွက်တဲ့အပေါ် မူတည်ပြီးကာမှ ရုံးတော်ကနေ ဥပဒေနဲ့အညီ ရုတ်သိမ်းခွင့် ပြုမယ်၊ မပြုဘူးဆိုတာကို ရုံးတော်ရဲ့အမိန့်အပေါ်မှာ မှတ်ချက်ပြုစရာ မရှိပါဘူး။ ကျနော်တို့ကတော့ အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ တာဝန်ပဲ ရှိပါတယ်”လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ရုတ်သိမ်းခွင့် တင်ထားခြင်းမှာ အချိန်ကာလတခုထိ ကြာဦးမှာဖြစ်ပြီး အာမခံ တင်ထားတဲ့ကိစ္စကိုတော့ ဥပဒေနဲ့အညီ အချက်အလက်များနဲ့ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
“အာမခံကို လက်မခံသေးတာကြောင့် လက်ခံအောင် ကြိုးစားရဦးမယ်။ ဥပဒေနဲ့ ညီလောက်တဲ့ အမြင်မျိုးတွေကို မရှိသေးတာကြောင့် လက်မခံသေးတာပါ။ ဥပဒေနဲ့ ညီလောက်တဲ့ အမြင်မျိုး ရှိရင်တော့ ရုံးတော်က လက်ခံမှာပါ။ လက်ခံလာအောင်လို့ ဥပဒေ အချက်အလက်နဲ့ တင်ပြဖို့က ကျနော်တို့ တာဝန်ပါ။ လိုအပ်တဲ့အချက်အလက်တွေ ဆက်လက် တင်ပြပြီး အာမခံ ထပ်တောင်းရမှာပါ” လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ရုံးချိန်းများ ရှိနေဦးမှာဖြစ်ပြီး ရုတ်သိမ်းလွှာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ အာမခံ တင်ပြထားတဲ့ အကြောင်းအရာများကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အစ္စဏီရဲ့ နောက်တကြိမ် ရုံးချိန်းကိုတော့ သြဂုတ်လ ၁၆ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
You may also like these stories:
“အစ္စဏီအမှု ရုတ်သိမ်းခွင့်နဲ့ ညီညွှတ်ရင် အမှုပြီးဆုံးကာ လွတ်မြောက်မှာပါ”လို့ ရှေ့နေ ပြော
တရားလိုဘက်မှ သက်သေ ၂ ဦးကို ဆက်လက် စစ်ဆေးခဲ့တဲ့ အစ္စဏီ ရုံးချိန်း
သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင်
“အစ္စဏီရဲ့ အမှု အဆင်ပြေဖို့ ယုံကြည်တယ်”လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော