Entertainment

သဘင်အနုပညာရှင် မိုးမင်းရဲ့ သမီးကြီး စိုပြေ ဂီတလောကထဲကို ဝင်ရောက်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံကျော် သဘင်အနုပညာရှင် မင်းသားကြီး မိုးမင်းရဲ့ သမီးကြီး စိုပြေကတော့ ဂီတလောကကို ဝင်ရောက်လာပြီ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံးသီချင်း “ကျွန်မရဲ့ အကြောင်း” ဆိုတဲ့ သီချင်းကို Myanmar Music Store မှာ ဝင်ရောက် နားဆင်နိုင်ပြီလို့ သိရပါတယ်။

“သမီးရဲ့ဖေဖေက ငယ်ငယ်လေးကတည်းက ပြောဖူးတယ်။ သူ့ကို ထည့်ပြီး စဉ်းစားစရာ မလိုဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ အောင်မြင်ချင်လည်း အောင်မြင်မယ်၊ မအောင်မြင်ချင်လည်း မအောင်မြင်ဘူးပေါ့။ အဓိက ဝါသနာပါလို့ လုပ်တာပေါ့နော်။ ဖေဖေ့ကို ကျော်ရမယ်၊ ဖေဖေ့လောက် မမီတာမျိုးတွေလည်း အဲဒီလောက်ကြီးတော့ မစဉ်းစားဖြစ်ပါဘူး။ ဝါသနာပါလို့ကို လုပ်တာဖြစ်တော့ သီချင်းလေးက ကောင်းတယ်၊ လူကြိုက်များသွားတယ်ဆိုရင်တော့ ကောင်းတာပေါ့နော်”လို့ စိုပြေက ပြောပါတယ်။

အဆိုပါ သီချင်းကို သြဂုတ်လ ၈ ရက်နေ့က စတင်ပြီး Myanmar Music Store မှာ တင်ခဲ့တာ ဖြစ်သလို “ကျွန်မရဲ့ အကြောင်း” သီချင်းကို တေးရေး အယ်ရာက ရေးစပ်ပေးထားတယ်လို့ သိရပါတယ်။

“သီချင်းလေးက ပထမဆုံး အချစ်၊ ပထမဆုံး ကောင်လေးတယောက်ကို ကြိုက်ခဲ့မိတဲ့ ကောင်မလေးတယောက် အသည်းကွဲရတဲ့ အကြောင်းလေးကို ပြန်ပြီးပြောပြတဲ့ ပုံစံလေးပါ။ အသည်းကွဲနေတဲ့သူတွေ၊ အသည်းခွဲခံရတဲ့သူတွေ ဒီသီချင်းလေးကို နားထောင်ပြီးတော့ အတူတူ မျှဝေပြီးတော့ ခံစားပေးနိုင်ကြပါစေလို့ ပြောချင်ပါတယ်”လို့ စိုပြေက ပြောပါတယ်။

စိုပြေက ဂီတလောကသို့ ဝင်ရောက်ခဲ့တာဟာ ဝါသနာပါလို့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူ မိုးမင်း ဇာတ်သဘင် စင်မြင့်ထက်မှာ သီချင်းများဆိုတဲ့အခါ လိုက်သီဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ဖေဖေက ငယ်ငယ်လေးကတည်းက အိမ်မှာ သီချင်းအမြဲတမ်း ဆိုဖြစ်နေတော့ အမြဲတမ်း သီချင်းတွေကို နားထောင်ဖြစ်တယ်။ သီချင်းအေးအေးလေးတွေဆို အမြဲနားထောင်ဖြစ်တယ်။ လိုက်ပြီးတော့လည်း ဆိုဖြစ်တယ်။ ငယ်ငယ်လေးကတည်းက ဖေဖေ့ ကတဲ့ စင်ပေါ်မှာ သီချင်းတွေ လိုက်ဆိုဖြစ်တာမျိုးလည်း ရှိတယ်။ အဲဒီတော့ အဲဒီကတည်းက ဝါသနာ ပါခဲ့တာပါ”လို့ စိုပြေက ပြောပါတယ်။

ဂီတပိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူရဲ့ သင်ကြားမှုများကိုလည်း ရရှိထားကာ စိုပြေ့အနေနဲ့ သီချင်းအေးအေးများကို ပိုပြီး နှစ်သက်တယ်လို့ ဆိုပါတယ်။

“ဖေဖေက တခါပြောဖူးတာလေးတော့ ရှိတယ်။ သီချင်းဆိုရင် အသံကို ချိုချိုလေးနဲ့ ဆိုရမယ်တို့ ကီး ဝင်အောင် ဆိုရမယ် ဆိုတာမျိုးတွေကို ငယ်ငယ်လေးကတည်းက သင်ပေးခဲ့ဖူးပါတယ်။ ဖေဖေကတော့ ဒီသီချင်းလေးကို အရမ်းကြိုက်တယ်လို့တော့ ပြောတယ်။ သမီးကတော့ Music တိုင်းကို အများကြီး နားထောင်ဖြစ်သလို အများကြီးလည်း ဆိုဖြစ်တယ်။ ဒါပေမဲ့ သီချင်းအေးအေးလေးတွေကို ပိုပြီး ကြိုက်ပါတယ်။ ဒါကြောင့် သီချင်း အေးအေးလေးတွေကို ပိုပြီး နားထောင်ဖြစ်သလို ပိုပြီး ဆိုဖြစ်ပါတယ်”လို့ စိုပြေက ဆိုပါတယ်။

သဘင်၊ ဂီတ၊ ရုပ်ရှင် နယ်ပယ် ၃ ခုလုံးမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင်ကြီး မိုးမင်းရဲ့ သမီးကြီး စိုပြေဟာ ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံသူဖြစ်ပြီး မကြာခင် အချိန်မှာ သီချင်းအယ်လ်ဘမ် ထွက်ရှိတော့မယ်လို့ သိရပါတယ်။

“နောက်ပိုင်းမှာ သီချင်းတွေ အများကြီး လုပ်ဖို့ ရှိပါတယ်။ DVD Album ၊ Audio အခွေတွေလည်း ထွက်ဖို့ ရှိပါတယ်။ ဖေဖေ ဦးမိုးမင်းကို အားပေးသလို သမီးကိုလည်း အားပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်”လို့ စိုပြေက ပြောပါတယ်။

You may also like these stories:

သက်ကြီးသဘင်ပညာရှင်များကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ လူရွှင်တော် အောင်သော်

Did you find apk for android? You can find new Free Android Games and apps.
Loading