ပရိသတ်က “အူဝဲ”လို့ ချစ်စနိုး ခေါ်ကြတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အခုနောက်ပိုင်းမှာ သူ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှု ရရှိမယ့် ဇာတ်လမ်းမျိုးကိုသာ ရိုက်ကူးဖြစ်ပြီး ပရိသတ်က ဇာတ်လမ်းကိုအရမ်းမငြင်းနဲ့ ပြောလည်း ငြင်းဖြစ်နေဦးမှာပဲလို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ ရိုက်ထားပြီးတဲ့ ကားတွေ၊ ရုံမတင်ရသေးတဲ့ ကားတွေမှာ စိတ်ကျေနပ်မှုရှိတဲ့ ကားတွေ ရှိသလို၊ အရမ်းကြီး စိတ်မကျေနပ်လိုက်တဲ့ ကားတွေ နည်းနည်းလောက်တော့ ပါတယ်။ အခုနောက်ပိုင်းတော့ ပရိသတ်လည်း ကြိုက်နိုင်မယ်၊ ကိုယ်လည်း ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှုရှိမှလည်း ဇာတ်ကို ရွေးချယ်ပြီးတော့ပဲ ရိုက်ဖြစ်တော့မယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ပရိသတ်တွေကတော့ အရမ်းမငြင်းဖို့ ပြောကြပေမယ့် ငြင်းမိနေတဲ့အတွက်လည်း တောင်းပန်တယ်လို့ သူက ဆိုပါတယ်။
“ဇာတ်ကို အရမ်းမငြင်းပါနဲ့လို့ ပြောရင်တော့ ငြင်းဖြစ်နေဦးမှာပဲ။ ပရိသတ်ကို အဲဒါတော့ အရမ်း တောင်းပန်တယ်။ ပရိသတ်တွေအနေနဲ့ ကိုယ်လုပ်ကွက် မရှိတဲ့ ဟာမျိုးဆိုရင် သိပ်မကြိုက်ကြဘူး။ သူတို့အတွက်လည်း တကယ် ကောင်းတဲ့ ဇာတ်လမ်းမျိုးကို ရိုက်ဖြစ်တယ်ပေါ့နော်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
လက်ရှိမှာတော့ ကားရိုက်တွေ ခဏ နားထားပြီး ၁၁ လပိုင်းလောက်မှသာ စတင် ရိုက်ကူးမှာဖြစ်ကာ သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမယ့် “ငရဲဆို ချိုနဲ့လား” ရုပ်ရှင်ကို ပရိုဂျူဆာအနေနဲ့ လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မကြာခင်မှာလည်း တူမဖြစ်သူ မေတိုးခိုင်၊ ကားရိုက် မဆုံတာကြာပြီ ဖြစ်တဲ့ အကယ်ဒမီ နေတိုးတို့နဲ့ အတူ ရိုက်ကူးထားတဲ့ “ရူးအောင် ချစ်မယ့်သူ” ရုပ်ရှင်ကားကြီးလည်း ရုံတင်တော့မှာ ဖြစ်ပါတယ်။
“အဲ့ကားကတော့ ဝတ္ထုကတည်းက ပရိသတ်တွေ ကြိုက်ကြတယ်။ မေတိုးခိုင်လေးကလည်း ဒီကားမှာ အများကြီး ကြိုးစားထားတယ်။ သူ့ရဲ့ ပထမဆုံးဖြစ်ပေမယ့် အူဝဲ ထင်တာတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သရုပ်ဆောင် ဝါသနာပါတဲ့အတွက် အဲ့သွေးတွေကတော့ ပါနေတာကို တွဲရိုက်တဲ့အခါမှာ အဲဒါကို သိသွားတယ်။ သူ့မှာ ကြိုးစားချင်စိတ် ရှိတယ်။ ဒီကားမှာ အများကြီး ကြိုးစားထားတယ်။ ပရိသတ်လည်း ကြည့်ပြီးတော့ ဝေဖန်ပေးပါဦး”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ယခုနှစ်မှာတော့ အိန္ဒြာကျော်ဇင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရုံတင်ပြသဖို့ရှိပြီး သူ့ရဲ့ ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ရဲ့နှစ်လို့ ပြောနေကြပါတယ်။