ပရိသတ် အချစ်တော် မင်းသမီး ထက်ထက်မိုးဦးကတော့ လတ်တလောမှာ ကျန်းမာရေး သိပ်မကောင်းပေမယ့် ယခုထိတိုင် ပရိသတ်အတွက် အနုပညာအလုပ်တွေ လုပ်ဖို့ အားသန်နေဆဲဖြစ်ပြီး ကျန်းမာရေးကြောင့် ဗိုက်ခွဲထားရပေမယ့် ဒဏ်ရာကျက်သွားပါက ဝိတ်လျှော့မယ်လို့ ပြောပါတယ်။
“အခု ဗိုက်ခွဲထားတာ တလခွဲလောက် ရှိပြီ။ နည်းနည်းတော့ နာနေသေးတယ်။ အခုတောင် တနေကုန် နာနေတာ၊ မနည်း အောင့်ထားရတယ်။ အခုက အနာ မကျက်သေးလို့ပေါ့နော်။ အနာ ကျက်သွားရင်တော့ လေ့ကျင့်ခန်း လုပ်ရမယ်၊ ထမင်းလည်း လျှော့စားပြီး ဝိတ်ချဖို့ စဉ်းစားထားပါတယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
အခုအချိန်မှာတော့ ဗိုက်ခွဲထားတာ အချိန် ၁ လခွဲခန့်သာ ရှိသေးတာကြောင့် ဘာမှ မလုပ်ဖြစ်သေးဘဲ ထမင်းတွေလည်း အများကြီး စားဖြစ်နေတာကြောင့် ဝိတ်လျှော့ရင် ထမင်း မစားရမှာကိုလည်း စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဗိုက်ခွဲထားတာ ၁ လခွဲဆိုတော့ ၃ ၊ ၄ လလောက် အသားသေသွားရင် လေ့ကျင့်ခန်း ပြန်လုပ်မယ်။ အစား လျှော့မယ်။ အခုအချိန်တော့ ထမင်း တနေ့ကို ၃ ကြိမ်၊ ၄ ကြိမ် စားနေတယ်။ ထမင်းပဲ ကြိုက်တယ်။ ဝိတ်လျှော့ရင်တောင် စဉ်းစားနေတာ၊ ဘယ်လို လျှော့ရမလဲ မသိဘူး။ ထမင်း မစားရမှာကို စိတ်မကောင်း ဖြစ်နေတာ”လို့ ထက်ထက်မိုးဦးပြောပါတယ်။
အားလုံးရဲ့ ဝိုင်းဝန်း တိုက်တွန်းမှုကြောင့် ဝိတ်လျှော့မှာဖြစ်ပြီး လက်ရှိ ခန္ဓာကိုယ်ထက် ကိုယ်ရည် စစ်သွားအောင် လုပ်မယ်လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။
“အားလုံးက ပြောနေကြတယ်။ ဒီထက် နည်းနည်း ကိုယ်ရည်စစ်သွားရင် ကောင်းမယ်ဆိုပြီးတော့။ ချရမှာပေါ့။ ကျန်းမာရေးအတွက်လည်း ဒီထက် ဝလို့ မဖြစ်ဘူး။ အခုတော့ ဗိုက်ခွဲထားတော့ ကိုယ့်ကိုယ်ကိုယ် ညှာနေတာပေါ့”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
လတ်တလောမှာတော့ နယ်ပွဲတွေ တက်ဖို့အတွက် လက်ခံထားပြီး မကြာခင်မှာတော့ ရုပ်ရှင်ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ကိုယ်နဲ့ လိုက်မယ့် ကာရိုက်တာကို ရွေးချယ်ပြီး ရိုက်တာကတော့ အားလုံးအတွက် သင့်တော်မယ်လို့ ထင်တယ်။ ကိုယ်နဲ့ လိုက်မယ့် ကာရိုက်တာကို ကိုယ့်ကို လာငှားတဲ့အပေါ် မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ရိုက်ပါမယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
တခေတ်တခါက တီဗီကြော်ငြာများမှာ လူအများရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ယနေ့တိုင် ပရိသတ် အားပေးမှုကို ရရှိထားတဲ့ ထက်ထက်မိုးဦးကတော့ ကျန်းမာရေး ကောင်းတာနဲ့ ပရိသတ်ရှေ့ကို ရောက်လာပြီး အနုပညာအလုပ်များ လုပ်ကိုင်လျက် ရှိနေပါတယ်။