ဒီနှစ်မှာ အကယ်ဒမီ ပူပူနွေးနွေး ရရှိထားတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ အကယ်ဒမီ ရရှိစဉ်က ချီးမြှင့်ခံထားရတဲ့ ရွှေပြားများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။
“ရွှေပြားတွေ လှူတာပါ။ ရွှေကြယ်က မလှူရသေးဘူး။ ကျနော်တို့ ရွှေတိဂုံဘုရားမှာ လှူဖို့အတွက် စီစဉ်ထားတာက ရွှေတိဂုံဘုရားရဲ့ ထီးတော်က သတ်မှတ်ထားတဲ့ အလေးချိန်ထက် ကျော်လွန်နေလို့ လှူဖို့ အခက်အခဲ ရှိတယ်။ အဲဒါကြောင့် မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဖို့ ရည်စူးထားပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
အကယ်ဒမီ ရပြီးနောက်ပိုင်းမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလာတဲ့ ကျော်ကျော်ဗိုကတော့ သူ့ကို ရင်ခုန်စေပြီး စိန်ခေါ်မှုဖြစ်စေတဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဇာတ်ရွေးချယ်မှုကတော့ ကျနော့်ရဲ့ Personal အရဆိုရင် ကျနော့်အတွက် အဲ့ဇာတ်က ရင်ခုန်နေရမယ်။ ကျနော်ကိုယ်တိုင် ပူးပေါင်း ပါဝင်မှု၊ စိန်ခေါ်မှု ရှိရမယ်။ ရင်ခုန် စိတ်လှုပ်ရှားမှု ရှိရမယ်။ အဲ့လိုဆိုရင်တော့ ကျနော် လက်ခံ ရိုက်ကူးဖြစ်ပါတယ်။ ကျနော် လုပ်ရမယ့် နေရာလေး တကွက်ကို ခြုံငုံပြီး ကြည့်တာထက် ဇာတ်တခုလုံးက ရင်ခုန်စရာ ကောင်းရမယ်။ ပရိသတ်အတွက် တင်ပြမှု ကောင်းမယ်ဆိုရင်လည်း လက်ခံ ရိုက်ကူးဖြစ်တာ များပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ပရိသတ်အတွက် တင်ဆက်မှု၊ ဖန်တီးမှု၊ ဖျော်ဖြေမှုကောင်းများဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားနေမှာလို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။
“အဓိကကတော့ တင်ဆက်မှုကောင်း၊ ဖျော်ဖြေမှုကောင်း၊ ဖန်တီးမှုကောင်း ဖြစ်အောင်ပဲ ကြိုးစားနေမှာပါ။ ပရိသတ်အတွက် ကျနော် စွမ်းဆောင်နိုင်သလောက်ထဲက စွမ်းဆောင်နေဦးမှာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
မကြာခင်မှာလည်း ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “စစ်ကား” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ကာရိုက်တာကတော့ ရွာသား သူငယ်ချင်းတွေထဲမှာ တဇွတ်ထိုး၊ တဇောက်ကန်း လုပ်တတ်တဲ့ သူပေါ့။ ရတဲ့ ကာရိုက်တာကိုလည်း ကျေနပ်ပါတယ်။ ကျေနပ်မှလည်း ရိုက်တာပါ။ မကျေနပ်ဘဲ ရိုက်တဲ့ကား တော်တော်နည်းပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
“စစ်ကား” ရုပ်ရှင်ကားကိုတော့ ကျော်ကျော်ဗို အကယ်ဒမီ ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကို ရိုက်ကူး ထုတ်လုပ်ပေးတဲ့ 7th Sense Production က ရိုက်ကူးတာဖြစ်ပြီး ဒီဇာတ်ကားအပေါ် ဘယ်လောက်ထိ မျှော်လင့်ထားလဲ ဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။
“အောင်မြင်မယ့် ကားတကားလို့ ကြိုမြင်နေပါတယ်။ အကုန်လုံးရဲ့ စိတ်အားထက်သန်မှုတွေ၊ ရင်ခုန်မှုတွေကလည်း ဒီဇာတ်ပေါ်မှာ အပြည့်အဝ ကျရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် Pre Production မှာကိုက စတွေ့နေရပြီလေ”
“ဒါရိုက်တာကလည်း ဒါရိုက်တာပိုင်းအရ ပြင်ဆင်နေသလို၊ ထုတ်လုပ်ရေးပိုင်းကလည်း လိုအပ်တာ မှန်သမျှကို ပံ့ပိုးပေးတယ်။ Actor ပိုင်းကလည်း ကာရိုက်ပိုင်းအတွက် ကြိုးစားနေကြတယ်ဆိုတော့ အောင်မြင်မယ့် ကားတကားပါ။ ပရိသတ်တွေလည်း ကျေနပ်မယ် ထင်ပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုကတော့ သူ့ရဲ့ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုကို “မုန်းစွဲ”ရုပ်ရှင်နဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရရှိခဲ့ပါတယ်။