အကူအညီ လိုအပ်နေသူတွေကို လှူဒါန်းကြတဲ့အခါ နာမည်ကျော် အနုပညာရှင်အများစုဟာ ကိုယ်ပိုင် ဖောင်ဒေးရှင်း ထောင်တာမျိုးနဲ့ သွားရောက် လှူဒါန်းတာမျိုးတွေကို ထင်ထင်ပေါ်ပေါ်ပဲ ပြုလုပ်တတ်ကြပါတယ်။
ဒါပေမဲ့ အခုဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ သူတို့ရဲ့ ကြင်နာတတ်မှုကို လူတွေသိအောင် ထုတ်ဖော်ပြသလေ့ မရှိဘဲ သိုသိုသိပ်သိပ် ကူညီလှူဒါန်းလေ့ ရှိကြသလို သူတို့ရဲ့လှူဒါန်းမှုတွေကိုလည်း မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခံရတာကို မနှစ်သက်ကြပါဘူး။
(၁) Keanu Reeves
ကမ္ဘာကျော် မင်းသား Keanu Reeves ဟာဆိုရင် ကင်ဆာသုတေသန အဖွဲ့အစည်းတွေနဲ့ ကလေးဆေးရုံ တွေကို ၂၀၀၉ ခုနှစ်လောက်ကစပြီး သိုသိုသိပ်သိပ်နဲ့ နာမည် မခံဘဲ လှူဒါန်းနေခဲ့တာ ဖြစ်ပါတယ်။
(၂) Taylor Swift
ကမ္ဘာကျော် အဆိုတော် Taylor Swift ကတော့ ရေကြီးခြင်းကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်က ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ကို ဒေါ်လာ ၁ သန်းအထိ လှူဒါန်းခဲ့တဲ့အပြင် အိမ်ခြေရာမဲ့တွေကိုလည်း ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
(၃) Nicki Minaj
နောက်ထပ် ကမ္ဘာကျော် အဆိုတော်တဦးဖြစ်တဲ့ Nicki Minaj ကတော့ အိန္ဒိယနိုင်ငံက ဆင်းရဲမွဲတေတဲ့ ရွာငယ်လေးတွေကို တိတ်တဆိတ် ကူညီလှူဒါန်းပေးနေသူဖြစ်ပြီး ဒီရွာငယ်လေးတွေက ကလေးငယ်တွေ အခမဲ့ ပညာသင်ကြားနိုင်ရေးကိုပါ ထောက်ပံ့ပေးနေတာပါ။
(၄) Sandra Bullock
မင်းသမီးချော Sandra Bullock ဟာဆိုရင် Warron Easton Charter Foundation ကို ထောက်ပံ့ပေးနေသူဖြစ်ပြီး AIDS သုတေသန လုပ်ငန်းတွေနဲ့ ကြက်ခြေနီအဖွဲ့အစည်းတွေကို ထောက်ပံ့ လှူဒါန်းနေသူ တဦးဖြစ်ပါတယ်။
(၅) John Cena
ကမ္ဘာကျော် နပန်း အကျော်အမော်တဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံ ရိုက်ကူးနေတဲ့ John Cena ဟာဆိုရင် မိဘမဲ့ဂေဟာတွေနဲ့ လူငယ်ပြုပြင်ရေး ကျောင်းတွေကို လှူဒါန်းနေသူဖြစ်ပြီး ကိုယ်တိုင်ပါဝင် လုပ်အားပေး လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
Ref. m.ranker.com
You may also like these stories:
သက်ကြီးရွယ်အိုတွေအတွက် နှစ်စဉ် ဝမ် ၁၀ သန်းလှူဒါန်းနေတဲ့ မင်းသမီး IU
မင်းသား Keanu Reeves အကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်
အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း
အိမ်ရာမဲ့တွေအတွက် ရွေ့လျား စားသောက်ဆိုင် ဖွင့်လှစ်ခဲ့တဲ့ Jaden Smith