Entertainment

မဏိစန္ဒာအဖြစ် သရုပ်ဆောင်ခဲ့ရတာ တာဝန်ကြီးတယ်လို့ ဝါဆိုမိုးဦး ပြော 

လတ်တလော ရုံတင်ပြသနေတဲ့ “ကြီးမြတ်သော မြန်မာ” 3D ရုပ်ရှင်ကားမှာ မဏိစန္ဒာနေရာကနေ ပါဝင် သရုပ်ဆောင်ထားတဲ့ ဝါဆိုမိုးဦးက ဇာတ်ကားရိုက်ကူးတုန်းက အမှတ်တရနဲ့ အခက်အခဲတွေ အကြောင်းကို အခုလိုပဲ ပြောပါတယ်။

“ဇာတ်လမ်း ကတော့ Documentary နဲ့ ပေါင်းထားတယ်။ နောက်ပြီးတော့ ပုဂံခေတ်က အကြောင်းတွေရော၊ မြန်မာနိုင်ငံက အရမ်းလှပတဲ့ နေရာတွေလည်း အများကြီး ပါတယ်။ ဝါဆိုကတော့ ပုဂံခေတ်က ဇာတ်ကောင်နေရာက သရုပ်ဆောင်ရတာပေါ့နော်။ မဏိစန္ဒာပေါ့။ ရိုက်ကွင်းပေါ်ရောက်တဲ့အထိ အကုန်လုံး သူတို့ပဲ စီစဉ်ပေးတာ။ ဝါဆိုတို့က လူပဲ သွားရုံပဲ။ ကာရိုက်တာ ဘယ်လို သရုပ်ဆောင်ရမလဲ။ ဇာတ်ညွှန်းကို ပေးထားတယ်”

“အမှတ်တရတွေကတော့ အရမ်းများပါတယ်။ ဒီကားလေး ရိုက်ခဲ့တာ လွန်ခဲ့တဲ့ ၅ နှစ်ကဆိုတော့ အမှတ်တရတွေအနေနဲ့က ကိုရီးယားတွေနဲ့ ပူးပေါင်းပြီးတော့ အလုပ် လုပ်ရတာရယ်၊ နိုင်ငံခြားသားတွေဆိုတော့ အရမ်း တိကျတယ်။ မနက် ၅ နာရီဆို အသင့် ရှိနေရတယ်။ မိတ်ကပ်တွေ၊ ဆံပင်တွေ ပြင်ဆင်ပြီးပေါ့နော်။ MRTV-4 အဖွဲ့ကလည်း အရင်ကတည်းက ဝါဆိုနဲ့ ခင်မင် ရင်းနှီးနေကြတယ်။ အမှတ်တရဆိုရင် ပျော်စရာတွေချည်းပဲ များပါတယ်။ အခက်အခဲတွေရှိရင်လည်း ပျော်စရာတွေအနေနဲ့ပဲ ဖြစ်သွားတယ်”လို့ သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောပါတယ်။

မဏိစန္ဒာ ဇာတ်ရုပ်ကို အရှေ့မှာလည်း ဝါရင့် သရုပ်ဆောင်ပေါင်းများစွာက သရုပ်ဆောင်ထားဖူးတဲ့အတွက် ကိုယ့်အလှည့်မှာ သရုပ်ဆောင်တာ တာဝန်ကြီးသလို ခံစားရကြောင်းလည်း ဝါဆိုမိုးဦးက ဆိုပါတယ်။

“မဏိစန္ဒာက အရှေ့မှာလည်း ဝါရင့် သရုပ်ဆောင်တွေလည်း လုပ်ထားဖူးတော့ ကိုယ်အလှည့်ကျတော့ ဘယ်လိုတွေ တာဝန်တော့ ကြီးတာပေါ့လေ။ မဏိစန္ဒာအတွက် ဝါဆိုကလည်း အဲ့တုန်းက ငယ်သေးတာကိုး။ လွန်ခဲ့တဲ့ ၅ နှစ်က ဆိုတော့ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကိုယ့်ကို တာဝန်ပေးတော့ အရမ်းလည်း ပျော်တယ်။ ဒီလိုကားမျိုးကိုလည်း ပထမဦးဆုံး အနေနဲ့လည်း ရိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်”လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

ဆက်လက်ပြီး “မဏိစန္ဒာ နေရာကနေ အရင်ခေတ်က ပုံစံမျိုးတွေကို ဝတ်ဆင်ရတယ်။ ပုဂံခေတ်က ပုံစံမျိုးတွေ ဝတ်ရတော့ ကိုယ့်ကိုယ်ကိုယ် ကျက်သရေ ရှိတယ်လို့ ခံစားရတယ်။ ရိုက်နေကျ ကားတွေနဲ့တော့ မတူဘူး။ ပိုပြီး ထူးခြားတယ်။ ဝါဆို့ ဘဝမှာ မမေ့နိုင်တဲ့ ဇာတ်ကား တကားပါပဲ။ မြန်မာလူမျိုးတွေအနေနဲ့ ဒီလို ဇာတ်ကားကောင်းကို ဂုဏ်ယူပြီး ကြည့်သင့်တယ်လို့ ဝါဆို ထင်ပါတယ်”လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

သရုပ်ဆောင် နိုင်းနိုင်း၊ ရဲအောင်၊ ထိုက်စံမော့စ်၊ နက္ခတ်၊ ဝါဆိုမိုးဦး၊ ဂျူးဂျူးကေ၊ မြတ်သူသူဇင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ “ကြီးမြတ်သော မြန်မာ” 3D ရုပ်ရှင်ကားကြီးကို လက်ရှိ ရုံတင် ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ကိုရီးယားနဲ့ မြန်မာ ပူးပေါင်း ရိုက်ကူးထားတာဖြစ်ပြီး မှတ်တမ်းရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။

You may also like these stories:

တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း နားလည်မှု ယူထားတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေး

ချစ်သူအဆိုတော်ဖြိုးလေးနဲ့ သီချင်းတွေတူတူဆိုထားတဲ့ ဝါဆိုမိုးဦး

Loading