Music Video တော်တော်များများမှာ တွေ့ရတဲ့ မော်ဒယ်၊ သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ မော်ဒယ်တယောက်အနေနဲ့ အချိန်ကြာ ရပ်တည်ခဲ့ပြီး သရုပ်ဆောင်ဘက်ကို ကူးတာ နောက်ကျတဲ့အတွက် ဇာတ်ကားတွေ အများကြီး မရိုက်ခဲ့ရဘူးလို့ ပြောပါတယ်။
“ညီမက သရုပ်ဆောင်ဘက်မှာဆိုရင် အသစ်လို့ ပြောလို့ရတယ်။ သရုပ်ဆောင်ဘက်ကို ကူးတာလည်း အရမ်း နောက်ကျတယ်။ ကိုယ်ဒီဘက်ကို ကူးတဲ့အချိန်မှာ ဗီဒီယိုဈေးကွက်က ပျက်တာနဲ့ ဘာနဲ့ဆိုတော့ ဟိုးအရင်က သရုပ်ဆောင်တွေလို ဇာတ်လမ်းတွေ အများကြီး ရိုက်ခွင့် မကြုံလိုက်ဘူး”လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။
နွယ်ဒါလီထွန်းကတော့ လာရောက် ကမ်းလှမ်းတာတွေကိုလည်း အခန်းနည်းခဲ့ရင်တောင် လုပ်ကွက်တွေနဲ့ သင်ယူခွင့်ရမယ်ဆိုရင် လက်ခံ ရိုက်ကူးဖြစ်တယ်လို့ ပြောပါတယ်။
“ကိုယ်ဆီကို ကမ်းလှမ်းလာတယ်။ ကိုယ့်အတွက် အခန်းနည်းပေမယ့် လုပ်ကွက်လေးလည်းရှိတယ်။ လေ့လာသင်ယူခွင့် ရတယ်ဆိုရင် လက်ခံဖြစ်တယ်”လို့ နွယ်ဒါလီထွန်းက ဆိုပါတယ်။
သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့ “စစ်ကား” ရုပ်ရှင်ကိုလည်း မကြာခင် ရိုက်ကူးတော့မှာဖြစ်ပြီး ဒီကားထဲမှာတော့ ကိုလိုနီခေတ်က ရွာသူတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
“ဒီကားထဲမှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ကိုလိုနီခေတ်က၊ နယ်ဘက်က ရွာသူ ကောင်မလေးတယောက်ပေါ့။ ဒီဇာတ်လမ်းကိုလည်း စိတ်ဝင်စားတယ်။ ကိုပေါက် ရိုက်တာဆိုတော့ ဟာသလေးတွေလည်း ပါမယ်။ ကိုယ် မထင်ထားတဲ့ မြှုပ်ကွက်လေးတွေလည်း ပါတယ်ဆိုတော့ ပရိသတ်ကို စိတ်လှုပ်ရှားပြီးတော့ ကြည့်စေချင်တယ်။ အကုန်လုံးတော့ မပြောပြချင်တော့ဘူး”လို့ နွယ်ဒါလီထွန်းကပြောပါတယ်။
ဒီရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြစ်ပုံကိုလည်း နွယ်ဒါလီထွန်းက အခုလိုပဲ ဆိုပါတယ်။
“ရွာဆိုပေမယ့် အရင်ခေတ်က တိုင်းရင်းသား ရွာတခုပေါ့။ အဓိကကတော့ ဒါရိုက်တာ အများကြီး သင်ပြပေးမှာပါ။ အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ Production ပိုင်းက တာဝန်ယူပေးတော့ အရမ်းကြီးတော့ ခေါင်းမစားရဘူး။ အပြင်အဆင်ပိုင်းကိုတော့ ကိုယ်လည်း Google မှာ ရှာရတယ်။ ပြီးတော့ ကိုပေါက်တို့ဆီကလည်း Reference ယူထားတယ်။ ကိုယ်လည်း မမီလိုက်တော့လေ။ ကိုယ့်မိဘတွေတောင် မီလိုက်မှာမဟုတ်ဘူး”လို့ နွယ်ဒါလီထွန်းကပြောပါတယ်။
“စစ်ကား”ရုပ်ရှင်ဇာတ်ကားမှာတော့ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်၊ နေမျိုးအောင်၊ နေထူးနိုင်၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်း၊ ရွှေရင်အေး စတဲ့ အနုပညာရှင်များ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဝါရင့် သရုပ်ဆောင်များစွာ ပါဝင်ပြီး ဒါရိုက်တာ ကိုပေါက်ထံမှလည်း သင်ယူ လေ့လာခွင့် ရမှာဖြစ်တဲ့အတွက် လက်ခံဖြစ်ခဲ့တာ ဆိုပါတယ်။
“ဒီဇာတ်ကားထဲမှာ ညီမရဲ့အခန်းကတော့ အရမ်းမများဘူး။ ဒါပေမဲ့ ရှေ့မှာကိုယ့်ရဲ့စီနီယာတွေ အများကြီး ပါတယ်ဆိုတော့ သူတို့ဆီက လေ့လာသင်ယူစရာတွေ အများကြီး ရှိတယ်။ တော်ရုံတန်ရုံ ဆုံဖို့ကလည်း မလွယ်ဘူးလေ။ အဲ့လိုတွေလည်း လေ့လာလို့ရမယ်”
“ပြီးတော့ ဒါရိုက်တာ ကိုပေါက်ကလည်း အရမ်းသင်တတ်တယ်။ သူနဲ့ကားရိုက်တော့ မဆုံဖူးဘူး။ အရင်က ခရီးသွား ပရိုဂရမ်လေး ရိုက်ဖူးတယ်။ ဆရာတယောက်အနေနဲ့ သင်ပြပေးတဲ့အတွက် အများကြီး သင်ယူစရာရှိတာကြောင့် လက်ခံဖြစ်တာပါ”လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။
မော်ဒယ်၊ သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ ပရိသတ် အားပေးမှု ရရှိတဲ့ သီချင်း Music Video များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မော်ဒယ်တယောက် အနေနဲ့နဲ့လည်း ရပ်တည်ခဲ့တာ အချိန်တခု ကြာခဲ့ပြီ ဖြစ်ပါတယ်။
You may also like these stories:
နွယ်ဒါလီထွန်း ပြောပြတဲ့ တစ္ဆေဇာတ်လမ်းတွဲ အတွေ့အကြုံ
“Rosella” ရုပ်ရှင်မှာ ဒေါင်းနဲ့အတူ ပါဝင် သရုပ်ဆောင်မယ့် နေခြည်ဦး
“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော
“ကျနော်က စာဖတ်အားနည်းတယ်”လို့ ဝန်ခံလိုက်တဲ့ အောင်ရေချမ်း