ရေဘေးသင့် ပြည်သူတွေအတွက် တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးနေတဲ့ အဆိုတော် ချမ်းချမ်းက ရေကြီးတဲ့နေရာတွေ သွားရောက် လှူဒါန်းဖြစ်တာဟာ ကိုယ်ချင်းစာလို့ လှူဒါန်းဖြစ်တာလို့ ဧရာဝတီကို ပြောပါတယ်။
“ရေကြီးတဲ့ နေရာတွေ သွားလှူဖြစ်တာက ကျမ ကိုယ်တိုင် သန်လျင်မှာ ကျမ ခရီးသွားတုန်း တံခါးတွေ မလုံတော့ မိုးအရမ်းရွာတော့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ အဲ့လိုဖြစ်တဲ့အတွက် ကျမက ကိုယ်ချင်းစာတယ်။ ရေကြီးတဲ့ နေရာတွေဆို ပိုခံစားရမယ်ဆိုပြီး အဲ့အတွက် ကျမက သွားလှူဖြစ်တာပါ။ ကျမ မုတ္တမဆေးရုံ လှူပြီးသွားပြီ”
“ရေးဘက်မှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာလည်း လှူခဲ့တယ်။ အဲ့ကနေ သူတို့က လိုအပ်တဲ့ စခန်းတွေ ကျန်တဲ့ စခန်းတွေကို ပြန်လှူပေးကြမှာပေါ့။ အဲ့မှာ ဆရာတော်လည်း ရှိတယ်။ ဆရာတော်ကနေ ပရဟိတသမားတွေကို ခေါ်လာပေးပြီးတော့ မရောက်သေးတဲ့ နေရာတွေကို ထပ်လှူမှာပေါ့။ အခု ကျမတို့က ဟိုမှာ လိုအပ်တာတွေကို ဒီမှာ ပြန်အလှူခံနေတာပေါ့။ နောက်ထပ် ကျိုက်မရောဘက်တို့ သွားလှူဖို့ ရှိသေးတယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အဝတ်အစားတွေ ထပ်လှူဖို့ ရှိတယ်။ အခုကတော့ ကျမ သိန်း ၉၀ ကျော် လှူဒါန်းထားပြီးပါပြီ”လို့ ချမ်းချမ်းက ပြောပါတယ်။
ရေဘေးဖြစ်နေတဲ့ဒေသတွေကို ကိုယ်တိုင် သွားရောက်ပြီး ကြုံတွေ့ခဲ့တာကိုလည်း ချမ်းချမ်းက အခုလိုပဲ ပြောပါတယ်။
“ရေဘေးဖြစ်နေတဲ့အတွက် ရေနဲ့ ပတ်သက်တဲ့ Security ဖြစ်မယ့်၊ Safety ဖြစ်မယ့်ဟာမျိုးကို ပြောပြဖြစ်ခဲ့တယ်။ ရေဘူးတွေနဲ့ လုပ်နိုင်တယ် ဆိုတာကို ပြဖြစ်ခဲ့တယ်။ အခြေအနေက တော်တော်ဆိုးတယ်။ လူ ၆၀၀၀ ကျော်လောက်က ဒုက္ခ ရောက်နေတာပေါ့”
“မြေပြိုမှုတွေ ဖြစ်ထားတာကြောင့် ပုံမှန်ထက်တော့ Speed လျှော့ပြီး သွားရတယ်။ ကယ်ဆယ်ရေးတွေကလည်း လုပ်ပေးနေပါတယ်။ အကုန်လုံး တတ်နိုင်သမျှ လက်လှမ်းမီသလောက် လှူဒါန်းပေးထားတယ်။ ကျန်တဲ့ ရွာတွေလည်း ကျန်သေးတယ်။ အကူအညီတွေ လိုနေသေးတာကြောင့်လည်း အာလုံးပါဝင်ဖို့ ကျမတို့ကလည်း လှုံဆော်ပေးနေတာပေါ့”လို့ ချမ်းချမ်းက ပြောပါတယ်။
ဆက်လက်ပြီး ချမ်းချမ်းက အခုလို ရေဘေးအလှူ လှူဒါန်းရတဲ့အတွက် ဝမ်းသာမိကြောင်း ပြောပါတယ်။
“ကျမအခု လှူရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ကိုယ်ချင်းစာပေါ့နော်။ လူတယောက် မိုးရေထဲ ထီးမပါရင်တောင် ဖျားချင်လာတာ။ သူတို့တွေ ရေကြီးပြီး စားစရာမရှိ ကိုယ်နဲ့ မသိတဲ့ ကြားထဲမှာ နေနေကြရတယ်။ စားစရာ ပန်းကန် မရှိ၊ စားစရာ လှူမှ စားရတယ်။ ဒါတွေက ဘယ်သူမှ မဖြစ်ချင်တဲ့ ဘဝတွေ ဖြစ်နေရတယ်။ ဒါတွေက ကိုယ်ချင်းစာရတာပေါ့”
“ကိုယ်မဖြစ်ဘူးဆိုပြီး နေနေလို့ မရဘူးပေါ့။ အဲ့ဒါကြောင့်လည်း အခုလို လိုက်လှူဖြစ်တာပေါ့။ လှူချင်တဲ့ သူတွေကိုလည်း Facebook တွေကနေ ဘယ်ကို လှူရမယ်ဆိုတာတွေ ဘယ်တွေကို လှူနေတယ်ဆိုတာတွေ တင်ပေးနေမှာပါ”လို့ ချမ်းချမ်းက ဆိုပါတယ်။
အဆိုတော် ချမ်းချမ်းကတော့ တကိုယ်တော် သီချင်းများ၊ အတွဲ သီချင်းခွေများစွာ ထွက်ရှိထားပြီး ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တဦး ဖြစ်ပါတယ်။
You may also like these stories:
ရေဘေးသင့် ဒေသတွေအတွက် စိတ်မကောင်း ဖြစ်နေတဲ့ သင်ဇာဝင့်ကျော်
အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း
သဘာဝ ဘေးအန္တရာယ် ပြီးဆုံးပြီးနောက် အရေးကြီးတဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း