Disney ကတော့ ၂၀၁၉ ရုံဝင်ငွေစာရင်းမှာ အောင်မြင်ခဲ့တဲ့ “Aladdin” ရုပ်ရှင်ရဲ့နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
၁၉၉၂ ခုနှစ်က နာမည်ကျော် Animation ရုပ်ရှင်ကို ဒါရိုက်တာ Guy Ritchie က တေးသံစုံ ရုပ်ရှင်အနေနဲ့ ပြန်လည် ဖန်တီးထားတဲ့ အဲ့ဒီရုပ်ရှင်ကို မေလမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပါတယ်။
Comicbook.com ကို ပြောဆိုရာမှာတော့ ထုတ်လုပ်သူ Dan Lin က နောက်ထပ် ပြောစရာ ဇာတ်လမ်းတွေ ရှိသေးတဲ့အကြောင်း ပြောဆိုခဲ့ပြီး မူရင်း Animation ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်တဲ့ “The Return of Jafar” ကိုပဲ ပြန်လည် အခြေခံ ရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ထုတ်လုပ်သူ Lin က “ကျနော်တို့ ပထမဆုံးရုပ်ရှင် ဖန်တီးနေတဲ့ အချိန်မှာ နိုင်သလောက် အကောင်းဆုံး ရုပ်ရှင် တကားအနေနဲ့ ကျနော်တို့ သေချာဖန်တီးချင်ခဲ့ကြတာပါ။ ပြီးတော့ ပရိသတ်တွေကိုလည်း သူတို့ ထပ်ကြည့်ချင်ကြသေးတယ်လို့ ကျနော်တို့ကို ပြောစေချင်ပါတယ်”လို့ ပြောပါတယ်။
ပြီးတော့ သူက “ပရိသတ်တွေက ထပ်ပြီးတော့ ကြည့်ချင်နေကြတယ်လို့ ကြားပါတယ်။ သူတို့က ဒီရုပ်ရှင်ကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ပြီးပါပြီ။ လူတွေက ဇာတ်လမ်းပြန်လာဖို့ ပြောကြတဲ့စာတွေကို လက်ခံရရှိပါတယ်။ အဲ့ဒီအခါကျရင် သူတို့က သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုပါ ခေါ်လာမယ်လို့ ပြောပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နောက်ထပ် ပြောပြစရာ ဇာတ်လမ်းတွေ ရှိနေဆဲဖြစ်ပြီး အများကြီး ဆက်ပြောမနေချင်ဘဲ နောက်ဆက်တွဲ ဇာတ်လမ်း စတင်နိုင်မယ့်နေရာကို ရှာဖွေနေတယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။
အခု “Aladdin” ရုပ်ရှင်မှာတော့ နာမည်ကျော်သရုပ်ဆောင် Will Smith အပြင် Mena Massoud နဲ့ Naomi Scott တို့လည်း ပါဝင်လာကြပါတယ်။ အာလာဒင် ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Massoud ကတော့ တကယ်လို့သာ နောက်ဆက်တွဲ ဇာတ်လမ်း ရှိလာမယ်ဆိုရင် အဲ့ဒီဇာတ်ကောင်နေရာကနေ ပြန်လည် သရုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
Ref. aceshowbiz
You may also like these stories:
ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ တာထွက်ကောင်းခဲ့တဲ့ “Aladdin” ရုပ်ရှင်
“Aladdin”ရုပ်ရှင်ထဲက မီးခွက်စောင့်ဘီလူးဟာ အပြာရောင်သာဖြစ်မယ်လို့ Will Smith ပြော