အခုနှစ်အစောပိုင်းမှာ ဒေါ်လာ သန်း ၇၀၀ ကျော်ဝင်ငွေ ရခဲ့တဲ့ “The Wandering Earth” တရုတ်ရုပ်ရှင် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခုထွက်လာတဲ့ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် “Shanghai Fortress” ကို ပရိသတ်တွေ မျှော်မှန်းထားခဲ့ကြပေမယ့် အခုတော့ အဆိုးမြင် သုံးသပ်ချက်တွေနဲ့ ပရိသတ်တွေရဲ့ စောဒကတက်မှုတွေကြောင့် ရုပ်ရှင်ဟာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အကုန်အကျများစွာခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရုံတင်ခဲ့ပြီး နောက်ပိုင်းမှာပဲ တော်တော်လေး အခြေမလှ ဖြစ်ခဲ့တာကို တွေ့မြင်ရပါတယ်။
အခုလိုမျိုး အကုန်အကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့မရှုမလှ ရှုံးနိမ့်မှုဟာ အထူးပြုလုပ်ချက်တွေ သုံးထားတဲ့ ဟောလိဝုဒ် ရုပ်ရှင်တွေကို ယှဉ်နိုင်တဲ့အထိ ထုတ်လုပ်တဲ့ တန်ဖိုးတွေကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့ တရုတ်ရုပ်ရှင်လုပ်ငန်းအတွက်တော့ အရှိုက်ထိတဲ့ အထိနာချက် ဖြစ်ခဲ့ရပါတယ်။
ဒေါ်လာ ၅၇ သန်းခန့် အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်တူ ဝတ္ထုကို အခြေခံထားတာပါ။ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ကြမယ့် ရှန်ဟိုင်းမြို့က လူငယ်အဖွဲ့တဖွဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ ထိုင်ဝမ်မင်းသမီး ရှုကြည်နဲ့ EXO အဖွဲ့ဝင်ဟောင်း လူဟန်တို့ ပါဝင်ထားကြပါတယ်။
အဲ့ဒီ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ ပထမဆုံး ရုံတင်တဲ့ရက်မှာ တရုတ်နိုင်ငံရဲ့ ရုံဝင်ငွေ စာရင်း ထိပ်ဆုံးမှာ ရှိခဲ့ပေမယ့် အဲ့ဒီနောက် အဆိုးမြင်မှတ်ချက်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားပြောဆိုမှုတွေကနေတဆင့် လက်မှတ်ရောင်းအား ကျလာခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်နေ့တရက်တည်းမှာ ဒေါ်လာ ၁၁ သန်း ရရှိခဲ့ပေမယ့် ၁၀ ရက်နေ့မှာ ဒေါ်လာ ၃ သန်းနဲ့ ၁၁ ရက်နေ့မှာ ဒေါ်လာ ၁ ဒဿမ ၇ သန်းသာ ရရှိခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီနောက် ဝင်ငွေ ဒေါ်လာ ၁၅ ဒဿမ ၄ သန်းနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ စတုတ္ထနေရာကနေ ရပ်တည်နေခဲ့ပါတယ်။
တရုတ် Animation ရုပ်ရှင် “Ne Zha” ကတော့ ဒေါ်လာ ၆၆ ဒဿမ ၅ သန်းဝင်ငွေရခဲ့ပြီး တတိယမြောက်သီတင်းပတ် ရောက်ချိန်မှာတော့ စုစုပေါင်း ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
“Shanghai Fortress” ရုပ်ရှင်ဟာ မှတ်ချက်ပေးတဲ့ နေရာမှာလည်း အမြင့်ဆုံး ၅ မှတ် ရှိတဲ့နေရာမှာ အနိမ့်ဆုံး ၁ မှတ်သာ ရရှိခဲ့တာ တွေ့ရပါတယ်။ အွန်လိုင်းပေါ်က သုံးသပ်သူတွေကတော့ ရုပ်ရှင်ထဲက မသေမသပ်တဲ့ အထူးပြုလုပ်ချက်တွေနဲ့ အဆိုတော် လိုင်းဘက်မှာ နာမည်ကြီးတဲ့ လူဟန်ရဲ့ သရုပ်ဆောင် ညံ့ဖျင်းမှုတွေကြောင့် ရုပ်ရှင်ဟာ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရတာလို့ ပြောဆိုခဲ့ကြပါတယ်။
Ref. Hollywoodreporter