ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “ငွေစက္ကူ ၇ ရွက်” ရုပ်သံ ဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အထူး ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ကြပါတယ်။
ဒါရိုက်တာ သည်ခေတ်နေရဲ့ ရိုက်ကူးခဲ့တဲ့ “မနေ့ကဖြစ်သည်” စီးရီးတွဲကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရိုက်ကူး ဖန်တီးသူ ဒါရိုက်တာ သည်ခေတ်နေကို ဧရာဝတီ သတင်းဌာနက သီးသန့် တွေ့ဆုံကာ အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ “ငွေစက္ကူ ၇ ရွက်” ရဲ့ ဇာတ်ညွှန်းပိုင်းမှာလည်း ပါဝင်တယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ဇာတ်ညွှန်းထဲ ပါတယ်ဆိုတာကတော့ ဒီလိုပါပဲ။ အဓိက ဇာတ်ညွှန်းကတော့ ဆရာကျောင်းတော်သားနဲ့ ကိုလူနေပါ။ ကျနော်ကတော့ ပါတယ်ဆိုတာက ရိုက်မယ့်ဟာလေးတွေကို Edit လုပ်တဲ့ သဘောပါပဲ။
မေး။ ။ ကာရိုက်တာ ရွေးချယ်မှုအပိုင်းကျတော့ ဘယ်လို ရွေးချယ်ခဲ့ရလဲ။
ဖြေ။ ။ ကာရိုက်တာတွေကို ရွေးချယ်တာကတော့ “မနေ့ကဖြစ်သည် ၂”ထဲက ပရိုဂျူဆာထဲက မရွှေယံဆိုတာ သူ့မှာ အဲ့အမြင် ရှိတယ်။ “မနေ့ကဖြစ်သည်”မှာလည်း ဘယ်နေရာမှာဆိုရင် ခါရာ့ကို သုံးလိုက်မယ်။ ဘယ်နေရာမှာဆိုရင် အောင်မင်းခန့်ကို သုံးလိုက်မယ်။ ကျော်ကျော်ဗို့ကို ဘယ်နေရာမှာ သုံးလိုက်မယ်ဆိုပြီး အဲ့လိုအမြင်တွေက သူ့မှာ ရှိတယ်။ ဒီကားမှာလည်း အဲ့လိုပဲ ဝေနှင်းဖြူနေရာမှာ မြနှင်းရည်လွင်ပဲ။ တကယ် ရိုက်ကြတော့လည်း မြနှင်းရည်လွင်က ဝေနှင်းဖြူ ဖြစ်သွားတယ်။ ကာရိုက်တာတွေ ဝင်ကုန်ကြတယ်ပေါ့။
မေး။ ။ ရွေးချယ်ထားတဲ့ ကာရိုက်တာတွေနဲ့ ဇာတ်လမ်းထဲက ကာရိုက်တာက ထပ်တူ ကျရဲ့လား။
ဖြေ။ ။ ကျနော်လည်း ပြန်ကြည့်ဖြစ်တော့ တချို့နေရာလေးတွေမှာ စိတ်တိုင်းမကျတာ ရှိပေမယ့် များသောအားဖြင့်ကတော့ ပရိသတ်ကလည်း လက်ခံကြတယ်ဆိုတော့ ထပ်တူကျတယ်လို့ ပြောလို့ရတယ်။ ကိုယ်တိုင်လည်း ကြိုက်တဲ့ဟာတွေ အများကြီး ရှိပါတယ်။
မေး။ ။ ဒီဇာတ်လမ်းထဲမှာဆိုရင် KTV က အမျိုးသမီးတွေရဲ့ဘဝကို ပုံဖော်ထားတာကိုလည်း တွေ့ရတယ်။ ဒီလို ပုံဖော်ဖို့အတွက်ကျတော့ ဘယ်လို လေ့လာခဲ့ရလဲ။
မေး။ ။ ဒီဇာတ်ရဲ့သဘောသဘာဝက အခြေခံလူတန်းစားကို သွားတာ များတယ်။ အောင်ဝေ့ရဲ့ ကာရိုက်တာက အခြေခံလူတန်းစားပေါ့နော်။ KTV Life ကလည်း လက်ရှိ လူနေမှုဘဝမှာ ဖြစ်နေတဲ့ ကောင်မလေးတွေရှိနေတာ အများကြီးပဲကိုး။ ဒီကားကို ရိုက်မယ်ဆိုရင် Location အစစ်တွေကို လုပ်ရမယ်။
ပထမက ဆိုရင် တောင်ဒဂုံမှာကို Location တည်ထားတာ။ ဒါပေမဲ့ အဲ့မှာက လူဦးရေ အရမ်းများတဲ့အတွက်ကြောင့် ပရိသတ် အားပေးတာလည်း အရမ်းများလို့ တကယ်တမ်း ရိုက်တော့ ၁ ရက် ၂ ရက်လောက်ပဲ တောင်ဒဂုံမှာ ရိုက်ဖြစ်လိုက်တယ်။ နောက်တော့ မြောက်ဒဂုံဘက်ကို ပြန်ရွေ့လိုက်တယ်။ တကယ့် Life ဖြစ်မယ့်နေရာတွေ၊ အမှိုက်ပုံရှိတဲ့ နေရာတွေ၊ ကွမ်းယာဆိုင်ဆိုလည်း ကွမ်းယာဆိုင်ပေါ့။ လုံးဝ ရပ်ကွက်ဆန်လိုက်တော့တာ။
မေး။ ။ Over Acting မဖြစ်ဖို့အတွက်ကျတော့ ဘယ်လို ကိုင်တွယ်ရလဲ။
မေး။ ။ ကိုယ်တိုင်လည်း Over Acting ကို သိပ်မကြိုက်ဘူး။ ဘယ်လိုအိုက်တင်ကို ကြိုက်လဲဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန် အိုက်တင်ကိုပဲ ကြိုက်တာပေါ့။ ကိုယ်ကတော့၊ ဘယ်သူကမှတော့ မဖြစ်ခဲ့ပါဘူး။ ကြိုးစားပေးတဲ့ သရုပ်ဆောင်တွေက။ တချို့နေရာတွေမှာ အရမ်းမကြိုက်တာတွေ ရှိတယ်။ ဒီကားထဲကဟာကို ပြောတာ မဟုတ်ဘူးနော်။
အပြင်မှာဆို အရမ်း ငိုတာယိုတာတွေကို မကြိုက်ဘူး။ အဲ့တော့ ငိုရင် ဘယ်လောက်ထိပဲ ငိုမလဲပေါ့။ Actor တယောက်ကို ချုပ်ထားတာ မဟုတ်ဘူး။ သူ့ခံစားချက်ကတော့ ငိုရမယ်။ ဒါပေမဲ့ အသံကြီးတွေ ထွက်ပြီးတော့ ငိုတဲ့နေရာမျိုးဆို အသံကို Silent လုပ်ပြီးတော့ သူ့ရဲ့ခံစားချက်ကိုပဲ ပြလိုက်တော့တယ်။
မေး။ ။ ကိုယ့်အတွက်ရော ဒီကားက ဘယ်လိုထူးခြားမှုတွေ ရှိမလဲ။
ဖြေ။ ။ ဒီကားထဲမှာ ကိုယ်တိုင်လည်း မလုပ်ဖူးတာတခု လုပ်ထားတယ်။ အဲဒါက ဘာလဲဆိုရင် ဒရာမာပေါ့။ “မနေ့က ဖြစ်သည်” ဆိုရင် Action, Science Fiction ၊ ဒီကားကတော့ ဒရာမာ၊ Science Fiction ဖြစ်တော့ ဒရာမာဆိုရင် ဒီကားထဲမှာ တော်တော် များများပါပါတယ်။ အဲဒါလေးတွေကိုတော့ မလုပ်ဖူးတာဖြစ်တာကြောင့် သေချာ ကြိုးစားထားပါတယ်။
မေး။ ။ အခက်အခဲအနေနဲ့ ကျတော့ ဘာတွေ ရှိမလဲ။
ဖြေ။ ။ အခက်အခဲကတော့ ထွေထွေထူးထူး မရှိဘူး။ ဒါပေမဲ့ ကိုယ်ရိုက်ရင်တော့ တော်တော်များများ အိပ်ရေး ပျက်ကြတယ်။ ဒီကားမှာ ညလုံးပေါက် Scene တွေ များတယ်။ ရှုတင်တည်တဲ့ Location ကထောက်ကြံ့က ညောင်နှစ်ပင်ပေါ့။ အမြန်လမ်းဘေးပေါ့။ အမြန်လမ်းကနေ အတွင်းထဲကို ၄၅ မိနစ်လောက် ဝင်ရတယ်။ မနက် ၆ နာရီလောက်ဆို ရိုက်လို့ မရတော့ဘူး။ ပြန်ကြလို့ ရန်ကုန်ဘက်ကို မနက် ၉ နာရီ ၁၀ နာရီပြန်ရောက်ကြတယ်။ ညနေ ၄ နာရီခွဲ ၅ နာရီဆို ပြန်လာကြရတယ်။
မေး။ ။ လက်ရှိအချိန်အထိ ဇာတ်လမ်းကို အရမ်းစိတ်ဝင်စားနေကြတယ်။ ထပ်ပြီးတော့ ဘယ်လိုတွေ ဆက်ဖြစ်ဦးမှာလဲ။
ဖြေ။ ။ ဇာတ်လမ်းက မပြီးသေးဘူး။ ဒီထက် စိတ်ဝင်စားစရာကောင်းတာတွေ ကျန်သေးတယ်။ အဲ့ထဲမှာသိချင်နေတဲ့ ပိုက်ဆံပေါ်က ကျိန်စာက ဘယ်သူ လုပ်လိုက်တာလဲ။ ကျိန်စာတိုက်တဲ့သူက ဘယ်သူလဲ။ ဘယ်ရောက်နေလဲ။ ပိုက်ဆံ ဆိုတာကရော ဘာလဲပေါ့။ အဲဒါတွေ အများကြီးကျန်သေးတယ်။ ဇာတ်ရဲ့အနေအထားအရဆိုရင် အဖြေရှိမယ့်ဆီကို ရောက်ဖို့ကျန်ပါသေးတယ်။ ဆက်ပြီး အားပေးကြပါ။
မေး။ ။ ဇာတ်လမ်း နာမည်ကို ဘယ်လိုစဉ်းစားဖြစ်ခဲ့တာလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ စဉ်းစားတာထက် ကိုလူနေ စဉ်းစားတာ။ ပိုက်ဆံ ၇ ရွက် ဆိုပြီး ပထမကစဉ်းစားထားတာ။ အဲဒါကို ပရိုဂျူဆာပိုင်းက ပိုက်ဆံဆိုတာထက် ငွေစက္ကူဆိုရင် ပိုခန့်တယ်ဆိုပြီး သဘောတရားခြင်းက အတူတူပဲဆိုတော့။ အိုင်ဒီယာကတော့ ကိုလူနေရဲ့ အိုင်ဒီယာပါ။
မေး။ ။ ကိုသည်ခေတ်နေက ဇာတ်လမ်းတွဲနဲ့ အောင်မြင်တယ်လို့ ပြောလို့ ရမလား။
ဖြေ။ ။ အောင်မြင်တယ်ဆိုတာက အမြဲတမ်း ကြိုးစားနေရဦးမှာပါ။ အောင်မြင်တယ်ဆိုတာတော့ မရှိပါဘူး။ ဒါကတော့ ဇာတ်လမ်းတွဲပေါ့။ ရုပ်ရှင်ဆိုတာကိုတော့ ကိုယ်က သေသေချာချာနဲ့ မထွက်လာဖူးသေးဘူးပေါ့။ ရုပ်ရှင်ကတော့ ကိုယ်အရမ်းရိုက်ချင်တဲ့ အိပ်မက်လေးတခုပါပဲ။
မေး။ ။ ဖန်တီးသူ တယောက်အနေနဲ့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဖန်တီးရတာ ဘယ်လို ကွာခြားလဲ။
ဖြေ။ ။ ဇာတ်လမ်းတွဲက ရုပ်ရှင်ထက်စာရင် Feedback က အရမ်းမြန်တယ်။ ရိုက်ပြီးလို့ သိပ်မကြာခင် တနိုင်ငံလုံးကိုလွှင့်တော့ Facebook တို့ဘာတို့ကနေ Feedback ကပြန်လာတော့ ပိုပြီးတော့ မြန်ဆန်တယ်။ ကောင်းတာတွေလည်း ရှိသလို၊ ဆိုးတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က ကောင်းတာတွေချည်းပဲ ပြန်လာချင်တယ်ဆိုရင်တော့ အစကတည်းက ကြိုးစားရမယ်လို့ ကျနော်ထင်တယ်။
မေး။ ။ ဇာတ်လမ်းတွဲ ဖန်တီးရတာကို ပျော်မွေ့နေတယ်လို့ ပြောလို့ ရမလား။
ဖြေ။ ။ ဇာတ်လမ်းတွဲကို ပျော်မွေ့တယ်ဆိုတာထက် ဇာတ်လမ်းတွဲမှာ ခုံမင်ပြီး ပျော်မွေ့နေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုရင် မနေ့ကဖြစ်သည်၊ အခု ငွေစက္ကူ ၇ ရွက်ပေါ့နော်။ နောက်ထပ်လည်း ရိုက်ဖို့ ရှိပါသေးတယ်။
မေး။ ။ ဇာတ်လမ်းတွဲတွေ ဖန်တီးရတဲ့အခါ ခံစားချက်ကရော။
ဖြေ။ ။ ဇာတ်လမ်းတွဲကျတော့ ပရိသတ်ကို အပိုင်း ၂၀ ဆိုလည်း ၂၀ပေါ့။ ဆွဲခေါ်ရတာ Tempo တခုပေါ့။ ရုပ်ရှင်ကျတော့ ၂ နာရီအတွင်းမှာ ဇာတ်လမ်းက အရမ်းလည်းမိုက်နေရမယ်။ Tempo ကလည်းအရမ်းထိနေရမယ်။ Short Story ဆိုရင် သာမန် ရုပ်ရှင်တွေထက် အရမ်းခက်တယ်။ တကြောင်းဝတ္ထုတွေဘာတွေရှိတယ်လေ တကြောင်းတည်းနဲ့ ဝတ္ထုက ထိရောက်သွားရမှာရှိတယ်။ ကိုယ့်တယောက်တည်းအမြင်နော်။ အမှန်ဖြစ်ရမယ်လို့ မပြောဘူး။ ဇာတ်လမ်းတွဲက ရုပ်ရှင်ထက် လွတ်လပ်တယ်လို့ ြ့မင်တယ်။
မေး။ ။ ထပ်ပြီးတော့ ဘယ်လိုအနုပညာတွေ ဖန်တီးသွားဦးမလဲ။
ဖြေ။ ။ အရမ်းရိုက်ချင်နေတဲ့ ရုပ်ရှင် ရှိတယ်။ ဒါပေမဲ့ မရိုက်ဖြစ်သေးဘူး၊ ပြင်ဆင်နေတုန်း။ ဘယ်တော့ အကောင်အထည် ဖော်ဖြစ်မလဲ ဆိုတာလည်း မသေချာသေးပါဘူး။ ဒါပေမဲ့ သေချာတာ တခုကတော့ နောက်ထပ် ဇာတ်လမ်းတွဲတခု ထပ်လာဖို့ ရှိပါတယ်။ ။
You May Also Like This Story:
ရုပ်ရှင်ရိုက်ဖို့ အိပ်မက် ရှိနေတဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲ ဒါရိုက်တာ သည်ခေတ်နေ