ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင် ထွန်းကိုကိုကတော့ ကိုယ်တိုင်က နိုင်ငံရေးတော့ မလုပ်ပေမယ့် နိုင်ငံနဲ့ဆိုင်တဲ့ အရေးတွေမှာ တတ်နိုင်သလောက် ကူညီပေးဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံကြီးသား ဇာတ်ကားမှာ ကျနော်က မြင်နေကျ ပုံစံမျိုးလေးပါပဲ။ မော်ဒယ်တွေကို ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာ တယောက်ပါ။ ပရိသတ်တွေက နိုင်ငံကြီးသားလို့ ဇာတ်ကား နာမည်ကို တွေ့လိုက်ရင် နိုင်ငံရေးကားလို့ပဲ ထင်ကြမှာပေါ့။ နိုင်ငံရေးကား မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ အရေး၊ အကြောင်းကို အနုပညာရသ တမျိုးအနေနဲ့ ပြသပေးတဲ့ ရုပ်ရှင်ပါ။ ပရိသတ်တွေလည်း ရသတွေ ရမယ် ထင်ပါတယ်”
“ကျနော် ကိုယ်တိုင်လည်း တတ်နိုင်သလောက် နိုင်ငံကြီးသား ပီသအောင် နေပါတယ်။ နိင်ငံရေးတော့ တခါမှ မလုပ်ဘူး။ ကျနော်က အနုပညာနဲ့ ပရဟိတ လုပ်တဲ့သူ ဆိုတော့ နိုင်ငံရေးနဲ့တော့ မဆိုင်ဘူး။ နိုင်ငံ့ အရေးနဲ့တော့ ဆိုင်တယ်။ နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ရေတွေ ကြီးနေတယ်ဆိုလည်း တတ်နိုင်သမျှ ကူညီပေးမယ်၊ လှူမယ် တန်းမယ်။ ကျနော်က ကိုရီးယားသွားဖို့ ရှိတာကြောင့် အလှူငွေတော့ လှူဖြစ်တယ်” လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။
ဆက်လက်ပြီး ထွန်းကိုကိုက “ဟိုနေ့ကတော့ မြောက်ဥက္ကလာ ဆေးရုံမှာ ရေတွေ ဝင်နေတယ်ဆိုတာနဲ့ လူနာတွေကို သွားရောက် ကူညီပေးဖြစ်တာတော့ ရှိပါတယ်။ ကိုရီးယားက ပြန်လာရင်လည်း ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးဖို့ ရှိပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ထွန်းကိုကိုဟာ မွန်ပြည်နယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးနဲ့ ပတ်သက်ပြီးတော့လည်း နာရေးကူညီမှုအသင်းမှာ လှူဒါန်းခဲ့ပါသေးတယ်။
သရုပ်ဆောင် ထွန်းကိုကိုကတော့ ကိုရီးယားကို မြန်မာကိုယ်စားပြု အနေနဲ့သွားဖို့ ဖိတ်ကြားခံရတာကို ဂုဏ်ယူသလို ပျော်လည်း ပျော်တယ်လို့ ဆိုပါတယ်။
“ကိုရီးယားမှာ ပြုလုပ်မယ့် Incheon Media Festival ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကျနော်ရယ်၊ ဟန်တီရယ် ဖိတ်ကြားခံရတာပေါ့။ မြန်မာ Traditional Show မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ရိုးရာ အဝတ်အစားတွေလည်း ပြင်ဆင်ထားတယ်။ ကျနော် အရင်တုန်းက သွားရင်တော့ တိုက်ပုံပဲ အဝတ်များတယ်။ ပြိုင်ပွဲတုန်းကတော့ တောင်ရှည် ဝတ်ဖြစ်တယ်။ အခုတော့ မင်းညီမင်းသား ဝတ်တဲ့ အဝတ်အစားတွေ စီစဉ်ထားတယ်”
“ကျနော့်ကို အခုလို ဖိတ်ခံရတဲ့အတွက် ပျော်လည်း ပျော်တယ်၊ ဂုဏ်လည်း ယူတယ်။ ကိုရီးယားကို မသွားဖြစ်တာလည်း ၂ နှစ်လောက် ရှိသွားပြီ။ အခု ပြန်သွားရတော့ ဝမ်းသာတယ်။ ကျနော့် အောင်မြေလို့ ပြောလို့ ရတယ်။ ကိုရီးယားမှာ ဆုရပြီး အနုပညာအလုပ် စလုပ်ကိုင်ခဲ့တာဆိုတော့ ပီတိဖြစ်တာပေါ့”လို့ ထွန်းကိုကိုက ပြောပါတယ်။
သရုပ်ဆောင် ထွန်းကိုကိုဟာ ၂၀၁၃ ခုနှစ် ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ 2013 Asia Model Festival ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုရယူနိုင်ခဲ့တဲ့ Mister တဦးအဖြစ် လူသိများပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေသူ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာဆန်တဲ့ မိန်းကလေးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် ထွန်းကိုကို
ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို