ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်ဟာ မကြာမီမှာဆိုရင်သမီးလေးနဲ့ အနုပညာလောကထဲမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ အိန္ဒိယအင်တာနက်သုံးစွဲသူတွေကတော့ အသက် ၁၉ နှစ်အရွယ် Suhana Khan ဟာ သူ့ဖခင်ရဲ့ ခြေရာအတိုင်း လိုက်နင်းဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်လှုပ်ရှားနေကြပါတယ်။
မကြာမီမှာပဲ ရုပ်ရှင်တခုမှာ ပါဝင်လာဖို့ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် Times Of India မီဒီယာရဲ့ အဆိုအရကတော့ သူဟာ လက်ရှိမှာ ရုပ်ရှင်နဲ့ ပွဲဦးထွက်လာဖို့အတွက် အိမ်စာတွေ ကြိုးစားပမ်းစား လုပ်နေရတယ်လို့လည်းဆိုပါတယ်။
သူ့ရဲ့ ဖခင် ရှာရွတ်ခန်ကတော့ မကြာသေးခင်ကမှ လန်ဒန်မြို့မှာ သင်ကြားရေးကိစ္စတွေ ပြီးစီးခဲ့တဲ့ သမီးလေး Suhana ဟာ ယုံကြည်ရလောက်တဲ့ အရင်းအမြစ်ဖြစ်တဲ့ သူ့ရဲ့ ရုပ်ရှင်တွေကနေ သင်ယူနေတယ်ဆိုတာကို သိရလို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ မွမ်ဘိုင်းမှာရှိတဲ့ နန်းတော်တမျှခမ်းနားလှပတဲ့ အိမ်က အခန်းတခုမှာ ရုပ်ရှင်ရုံငယ်လေးတခုကို သူတို့မိသားစုက ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။
အွန်လိုင်းသုံးစွဲသူတွေရဲ့အဆိုအရ Suhana ဟာ “The Grey Part of Blue” ဆိုတဲ့ဇာတ်လမ်းတိုမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်အနေနဲ့ပွဲဦးထွက်ခဲ့ပြီးဖြစ်သလို ကျောင်းမှာလည်း ရိုမီရို၊ ဂျူးလိယက်လို့ခေါ်တဲ့ ပြဇာတ်မှာ ဂျူးလိယက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။
အဲ့ဒီပြဇာတ်ကို ကြည့်ဖို့ လန်ဒန်ကိုသွားခဲ့တဲ့ သူ့ရဲ့ ဖခင်မင်းသား ရှာရွတ်ခန်ကတော့ တကယ်လို့သမီးလေးသာ ဘောလိဝုဒ်လောကထဲ ဝင်မယ်ဆိုရင် သူတားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ မင်းသားက “ကျနော်တို့ရဲ့ သူရဲကောင်းမတွေလိုမျိုးပဲ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ သမီးလေးကို ပါစေချင်ပါတယ်။ ဘယ်အဝတ်အစားမျိုးကိုပဲ ဝတ်ဝတ်၊ သူဟာ ဆွဲဆောင်မှုရှိပြီး လှပနေမှာပါ” လို့ဆိုပါတယ်။
သမီးလေးအနေနဲ့ ဆွဲဆောင်မှုရှိရှိနဲ့ လှပတာထက် အရေးကြီးတာက အလုပ်ကြိုးစားစေချင်တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ သရုပ်ဆောင်အဖြစ် လုပ်နိုင်ပေမယ့် အရင်ဆုံးစာကြိုးစားရမယ်လို့ ပြောထားတဲ့အကြောင်း မင်းသား အိန္ဒိယမီဒီယာ DNA ကိုပြောဆိုထားပါတယ်။
အခုတော့ Suhana ဟာ ဘောလိဝုဒ် ရုပ်ရှင်အများစုမှာ ပါဝင်နေကျဖြစ်တဲ့ အကနဲ့ သီချင်းသီဆိုမှုကို သင်ယူဖို့အတွက် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
Ref: straitstimes