Entertainment

ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ မကြာခင်ရိုက်ကူးပြသမယ့် “အိပ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ကလေး၃ယောက်ရဲ့ မိခင်နေရာက သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အနုပညာပြန်လုပ်ကိုင်ချိန်မှာ ရိုက်ကူးတဲ့ ဒုတိယကားပေါ့၊ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲလေးမှာ အစ်မက ကလေး ၃ယောက် အမေနေရာက ပါဝင်ရမှာပါ၊ နေခြည်ဦးအမေပေါ့၊ မိသားစုဇာတ်လမ်း ဒရာမာလေးပေါ့၊ အစ်မ အသက်လည်း ကြီးစရာမလိုဘူး၊ နေခြည်ဦးက သမီးဆိုတော့ အသက်အရမ်းကြီးအောင် ပြင်ပေးရမလားဆိုတော့ ပြင်စရာ မလိုဘူးလိုတော့ပြောတယ်”

“ ဒါက ဒုတိယစီးရီးပါ။ ရှေ့မှာ “ရှပ်ဖိုးချစ်သူ”ရိုက်ထားဖူးတယ်။ ရှပ်ဖိုးချစ်သူက လွှင့်တော့မှာမလို့ အားပေးကြပါဦး။ အဲ့ကားမှာတော့ အစ်မတခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာသရုပ်ဆောင်ထားတယ်။ မင်းသားလေးယောက်ကို ကြောင်ရတဲ့ ကာရိုက်တာပေါ့”လို့ မျိုးစန္ဒီကျော်က ပြောပါတယ်။

Single Mother အနေနဲ့ ရပ်တည်နေတဲ့ မျိုးစန္ဒီကျော်ဟာ အိမ်ထောင်ကွဲထားတာ ၂ နှစ် ကျော်လောက်ရှိပြီဖြစ်ပေမယ့် တရားဝင်ကွာရှင်းခွင့်ကို တရားရုံးကနေတောင်းခံထား တယ်လို့ ဆိုပါတယ်။

“အစ်မက အမျိုးသားနဲ့ အိမ်ထောင်ကွဲတော့ သမီးလေး ၁နှစ်ခွဲပဲ ရှိသေးတယ်။ သမီး ၂နှစ် ပြည့်တော့ မွေးနေ့လုပ်တယ်။ အစ်မ အမေအိမ်ရောက်နေပေမယ့် အစ်မသမီးမွေးနေ့ကို လာခွင့်ပြုတယ်။ အစ်မ သမီးကို စမွေးကတည်းက အခုချိန်ထိ အစ်မကပဲ လုပ်ပေးခဲ့တာ။ အခု လည်း အစ်မက သမီးနဲ့ ပတ်သက်ပြီး အကုန်တာဝန်ယူထားတယ်”

“အမှု ရင်ဆိုင်နေချိန်မို့ တရားရုံး ကလည်း သမီးနဲ့ သူနဲ့ကို ပေးမတွေ့ဘူး။ တရားဝင်ကွာရှင်းခွင့်ကိုတော့ တရားရုံး ကနေ တောင်းခံထားတယ်။ အစ်မကလည်း အဖေ မဟုတ်ဘူးတို့၊ အဖေကို မုန်းရမယ်လို့ပြောတဲ့ သူမဟုတ်ပါဘူး။ အစ်မကိုယ်တိုင်ကလည်း အေးအေးချမ်းချမ်း ပြီးချင်သူမို့ အစ်မတောင်းဆိုတာ လုပ်ပေးရင် အစ်မကလည်း အေးဆေးပါပဲ။ အစ်မတို့က မဖြစ်နိုင်လို့သာကွဲကြတာ၊ သမီးနဲ့ ဘာမှမဆိုင်ပါဘူး”

“သမီးကို သူ့ဘက်က အရမ်းချစ်တယ်ပြောရင် ရယ်ချင်တယ်။ အစ်မက အရမ်းချစ်တယ်လို့ ချွဲပြီးမပြောတတ်ဘူး၊ လုပ်ပေးနိုင်တာပဲ အကောင်းဆုံးလုပ်ပေးလိုက်တယ်၊ စကားနဲ့ပြောတာ ပြောလို့ရတယ်၊ လက်တွေ့ချစ်ပြလေ၊ မိသားစုကို ချစ်ရင်မပြိုကွဲအောင် ညှိပေးခဲ့တာပဲ။ ညှိမရတဲ့အဆုံး ကွဲသွားတာပေါ့”

“ လိုင်းပေါ်ကနေ ပါးစပ်နဲ့ ချစ်ပြတာ လူတိုင်းလုပ်လို့ရနေတာပဲ။ အစ်မက အပိုတွေ မလုပ်ချင်ဘူး။ ကိုယ့်ရဲ့ စေတနာကို သမီးသိတယ်။ သူ့ကို သမီး အဖေမဟုတ်ဘူးလဲ မပြောဘူး၊ မုန်းရမယ်လည်းမပြောဘူး၊ သမီးငရဲကြီးမှာစိုးလို့”လို့ မျိုးစန္ဒီကျော် ကပြောပါတယ်။

You may also like these stories:

Single Mother အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

Loading