Entertainment

“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား မိုရီဆာကီဝင်း (အဝင်း)က “အိပ်မက်တွေမိုးထား အိမ်” ဇာတ်လမ်းတွဲမှာ နေခြည်ဦးနဲ့ ပထမဆုံးတွဲပြီး သရုပ်ဆောင်ရမှာကြောင့် စိတ်တွေခုန်နေ ပါတယ်လို့ ဆိုပါတယ်။

“ကျနော် “အိပ်မက်တွမိုးထားတဲ့ အိမ်” ဇာတ်လမ်းတွဲမှာ နေခြည်ဦးနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်။ နေခြည်ဦးက မြန်မာပြည်မှာ အားပေးသူများတဲ့ သူတယောက်အဖြစ် ကျနော် ကြားထားပါတယ်။ သူနဲ့ ပထမဆုံးတွဲပြီး သရုပ်ဆောင် ရမှာမို့ စိတ်တွေခုန်နေပါတယ်။ မြန်မာပြည်မှာ သရုပ်ဆောင်တာကို အရမ်းလုပ်ကြည့်ချင်တယ်”

“ အရင်ကတည်းက သရုပ်ဆောင်လုပ်ရတာ အရမ်းကြိုက်ပေမယ့် ဂျပန်မှာလည်း အနုပညာတွေ လုပ်နေတော့ အချိန်တွေ အပြည့်ဖြစ်နေတာ။ မြန်မာပြည်မှာလည်း အလုပ်တွေလုပ်ချင်တယ်။ မန်နေဂျာက နောက်နှစ်လောက်ဆို နောက်နှစ်လောက်ဆိုရမယ်နဲ့ ၂နှစ် ၊ ၃နှစ်လောက်ဖြစ်သွားတယ်”

“ Win’s Show Time အတွက် MNTV က အများကြီး ပံ့ပိုးပေးတဲ့အတွက် အဲ့ကနေ ဇာတ်လမ်းတွဲရိုက်မယ်ဆိုတော့ ဇာတ်ကလည်း မိသားစုဖြစ်တာနဲ့ ရတဲ့အချိန်လေးမှာ ရိုက်ဖို့ဖြစ်လာခဲ့ပါတယ် ”လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

မြန်မာစကားအဓိပ္ပါယ်တွေကို ပြောတတ်အောင်လေ့လာနေတဲ့ အဝင်းက အတတ်နိုင်ဆုံး မြန်မာစကားပြောမှန်အောင် လေ့လာပြီး ကြိုးစားပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

“ပြင်ဆင်မှုကတော့ မြန်မာပြည်က သရုပ်ဆောင်တွေ ဘယ်လို သရုပ်ဆောင်လဲဆိုတာတော့ လေ့လာပြီးကြည့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ အရင်ကတည်းက အနုပညာလုပ်နေတဲ့ စီနီယာတွေ အစ်ကို အစ်မတွေဆီက ဘယ်လို ပညာတွေ ယူလို့ရမလဲဆိုတာကိုတော့ အမြဲစဉ်းစားတယ်။ ကျနော်လည်း အနုပညာသမားတယောက်အနေနဲ့ အရမ်းတိုးတက်ချင်တာ ကြောင့် သူတို့ ဆီက ဘယ်လို ပညာယူမလဲ ဆိုတာကို ပဲ အတုခိုးပါတယ်”

“ မြန်မာ စကားတွေနဲ့ အဓိပ္ပါယ်တွေကို အတတ်နိုင်ဆုံးကြိုးစားပြီး မြန်မာစကားကို ပိုပြီးလေ့လာဖို့လဲလိုတယ်လို့သိပါတယ်။ ဂျပန်မှာ ထုတ်နေတဲ့ မြန်မာမဂ္ဂဇင်း တွေကိုလည်း နည်းနည်းဖတ်သွားမယ်။ မြန်မာစကားနဲ့ ထိတွေ့ဖို့ လိုတဲ့အတွက် ကြိုးစားလေ့လာဖို့ စဉ်းစားထားပါတယ်”လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

မိုရီဆာကီဝင်းဟာ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။ သူကို အဝင်းလို့လည်း ချစ်စနိုးခေါ်ပြီး မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ အဝင်းက ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တယောက်ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading