ပရိသတ်များ စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှုခဲ့ကြတဲ့ ဇာတ်လမ်းတွဲတခုဖြစ်တဲ့ “ငွေစက္ကူ ၇ရွက်” ကတော့ စာရေးဆရာလူနေရဲ့ ဇာတ်လမ်းကို အကောင်းဆုံးပြန်လည် ဇာတ်ညွှန်းရေးသားပြီး တည်ဆောက်ခဲ့ကြတယ်လို့ ဇာတ်ညွှန်းရေးသားသူ ကျောင်းတော်သားကပြောပါတယ်။
“မူရင်းဇာတ်လမ်းကတော့ စာရေးဆရာကိုလူနေရဲ့ ဇာတ်လမ်းပေါ့။ ဇာတ်ညွှန်းစခွဲမယ်ဆိုတုန်းက ကျနော်ရယ် ကိုလူနေရယ်။ သည်ခေတ်နေရယ် တိုင်ပင်ကြတယ်။ ဇာတ်ကိုအကောင်းဆုံး တည်ဆောက်ကြတယ်။ အဲဒီကနေဖြစ်တည်လာခဲ့တာပေါ့” လို့ ကျော်တော်သားက ပြောပါတယ်။
အဆိုပါ “ငွေစက္ကူ ၇ရွက်” ကတော့ ဝတ္ထုအနေနဲ့ ထွက်ရှိထားတာမဟုတ်ဘဲ ဇာတ်လမ်းအကျဉ်းထွက်ထားတာကို ပြန်လည်ဇာတ်ညွှန်းခွဲပြီး ဖန်တီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ဝတ္ထုအနေနဲ့ထွက်တာတော့ မဟုတ်ဘူး။ ဇာတ်လမ်းအကျဉ်းလေးပေါ့။ အဲ့ဇာတ်လမ်းအကျဉ်းလေးကိုမှ ကျနော်တို့က တည်ဆောက်ကြတာပေါ့။ လျှို့ဝှက်ချက်တွေဘာတွေကတော့ ကိုလူနေကစဉ်းစားထားတာရှိတာပေါ့။ ကျနော်တို့ဝိုင်း တိုင်ပင်ပြီး ဝိုင်းလုပ်ကြတာပေါ့” လို့ ကျောင်းတော်သားက ပြောပါတယ်။
လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ဒီလျို့ဝှက်ချက်တွေကိုလည်း Presentation ကပဲ လုပ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“အများကြီးလုပ်ရတာပေါ့။ Presentation အရရော လျှို့ဝှက်ထားတဲ့ဇာတ်ဖြစ်နေတဲ့အတွက်ကို လျှို့ဝှက်ထား တယ်ဆိုတာကလည်း Presentation ကပဲလုပ်သွားတာပဲ။ အရမ်းကြီးလျှို့ဝှက်ထားတာတော့ မရှိပါဘူး” လို့ ကျောင်းတော်သားက ပြောပါတယ်။
ဇာတ်ညွှန်းရေးသားသူ ကျောင်းတော်သားကတော့ ဇာတ်လမ်းတွဲအနေနဲ့ အောင်မြင်ခဲ့တဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကိုလည်း စာရေးဆရာမ မယ်ခိုင်နဲ့အတူ ရေးသားခဲ့ပါတယ်။
“မနေ့ကဖြစ်သည်က Sci-fi စုံထောက်ပုံစံမျိုးသွားထားတယ်။ ငွေစက္ကူ၇ရွက်က အပြင်မှာလက်ရှိရှိနေတဲ့ ကာရိုက်တာ ပုံစံမျိုးသွားထားတယ်။ တခုနဲ့တခုက Trend ချင်းတူပေမယ့် အရမ်းကြီးထပ်တူကျတာတော့ မဟုတ်ဘူး။ ထပ်ရေးထားတဲ့ဝတ္ထုဆိုရင် ဟာသလည်းပါတယ်။ Horror လည်းပါတယ်။ ဒရာမာလည်းပါတယ်။ တခုတည်းတော့ မသွားဘူး။ အကုန်လုပ်တာပေါ့။ တခုတည်းကို ခေါင်းစဉ်တပ်လိုက်ရင် ကိုယ်ကပိတ်သွားမှာစိုးလို့” လို့ ကျောင်းတော်သားကပြောပါတယ်။
“ငွေစက္ကူ ၇ရွက်” ဇာတ်လမ်းတွဲကတော့ သြဂုတ်လ ၁၄ရက်နေ့က နောက်ဆုံးဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ခဲ့ပြီးသွားခဲ့ပါတယ်။
ကျောင်းတော်သားကတော့ “မနေ့ကဖြစ်သည် ၂” ၊ “ငွေစက္ကူ ၇ရွက်”နဲ့ ထပ်မံပြီးတော့လည်း ဇာတ်လမ်းတွဲတခုရဲ့ ဇာတ်ညွှန်းကိုရေးသားနေပြီး ဝတ္ထုတိုများ ၊ ရုပ်ရှင်ဇာတ်ညွှန်းများလည်း ရေးသားလျက်ရှိတယ်လို့ သိရပါတယ်။
“ကျနော်က မနေ့ကဖြစ်သည် ၂ ရေးထားတယ်။ ပြီးတော့ Production တခုနဲ့ ဇာတ်လမ်းတွဲတခုရေးထားတယ်။ အခုငွေစက္ကူ ၇ရွက်ဆိုရင်တော့ ၃ခုရှိပြီပေါ့။ တခြားဖန်တီးမှုဆိုရင် ဝတ္ထုတိုလေးတွေရေးတယ်။ စိတ်ကူးတည့်ရာပေါ့။ တခါတလေကျရင် ရုပ်ရှင်တို့ဗီဒီယိုတို့မှာ လုပ်လို့မရတာလေးတွေ ဝတ္ထုမှာကောက်ရေးလိုက်တယ်”
“ ဇာတ်လမ်းတွဲ ဇာတ်ညွှန်းကလည်း ၅လလောက်အချိန်ပေးရတယ်။ ဒီထဲမှာနှစ်နေပြီး မွန်းကျပ်လာရင် ဝတ္ထုတို ကောက်ရေးလိုက်တယ်။ စိတ်ကူးတည့်တဲ့ဝတ္ထုတိုလေးပေါ့။ အဲ့လိုမျိုးတွေရေးတယ်” လို့ ကျောင်းတော်သားက ပြောပါတယ်။