နာမည်ကျော် ဟောင်ကောင် မင်းသား ဂျက်ကီချန်းက သူ့ရဲ့ မွေးရပ်မြို့မှာ ကာလ အတန်ကြာဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြောခဲ့ပြီး မကြာမီမှာ ဟောင်ကောင်ဟာ ငြိမ်းချမ်းရေး ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုပါတယ်။
ဟောင်ကောင်မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ သြဂုတ်လ ၁၄ ရက်နေ့က နိုင်ငံပိုင်ရုပ်သံ CGTN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
မင်းသားက “ကြယ်ငါးပွင့်ပါတဲ့ အနီရောင်အလံမှာ အလံစောင့် ၁ ဒဿမ ၄ ဘီလီယံရှိတယ်ဆိုတာ CCTV ရုပ်သံကနေ ပြနေတာကို Weibo ကနေ ကျနော် တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကျနော် ဒီကို ချက်ချင်းလာခဲ့ပါတယ်”လို့ ပြောပါတယ်။
“တခြားတဖက်မှာတော့ ဟောင်ကောင်သား တယောက်နဲ့ တရုတ်လူမျိုး တဦးအနေနဲ့ အခြေခံ မျိုးချစ်စိတ်ဓာတ်ကို ထုတ်ဖော်ပြသချင်ပါတယ်။ ကျနော်က အမျိုးသားအလံတော် အစောင့်အဖွဲ့သားတယောက်ပါ။ ဒါ့အပြင် လူတိုင်းရဲ့ အသံကို ကိုယ်စားပြုဖို့ ဒီပွဲကိုလည်း သွားချင်ပါတယ်” လို့ ဂျက်ကီချန်းက ဆိုပါတယ်။
ဟောင်ကောင်မှာ မွေးဖွားခဲ့တဲ့ မင်းသား ဂျက်ကီချန်းဟာ “Rush Hour” လိုမျိုး ကွန်ဖူးရုပ်ရှင်တွေနဲ့ ကမ္ဘာပေါ်မှာ နာမည်ကျော်ကြား လူကြိုက်များသူ တယောက်ဖြစ်ပေမယ့် သူ့ရဲ့ ပေကျင်းအစိုးရအပေါ် သစ္စာရှိမှုနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အထင်အမြင်သေး နှိမ့်ချတဲ့ ပြောဆိုမှုတွေကြောင့် ဆန္ဒပြသူတွေ သည်းမခံနိုင်ဖြစ်ခဲ့ရပါတယ်။
အသက် ၆၅ နှစ်အရွယ် မင်းသားဟာ တရုတ်ပြည်သူ့နိုင်ငံရေးဆိုင်ရာ အကြံပေး ကွန်ဖရင့်အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီဥပဒေပြုရေးဆိုင်ရာ အကြံပေးအဖွဲ့ဟာ ပေကျင်းမြို့မှာ အခြေစိုက်ပြီး တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
မင်းသားချန်းက “ကျနော် နိုင်ငံတော်တော်များများကို သွားခဲ့ပါတယ်။ ပြီးတော့ ကျနော်ပြောနိုင်တာက မကြာသေးခင် နှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံဟာ လျင်လျင်မြန်မြန် တိုးတက်ခဲ့ပါတယ်။ ဘယ်ကိုသွားသွား ကျနော် တရုတ်လူမျိုးတယောက် ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ကြယ်ငါးလုံးနဲ့ အနီရောင်အလံဟာ ကမ္ဘာပေါ်က နေရာတိုင်းကို လေးစားပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
“ဘေးကင်းမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုဟာ လေကောင်းလေသန့်လိုပဲလို့ နက်နက်နဲနဲ ခံစားရပါတယ်။ အဲ့ဒါကို ခင်ဗျား မဆုံးရှုံးခင်အထိတော့ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိမှာ မဟုတ်ပါဘူး။ ဟောင်ကောင်နဲ့ တရုတ်ဟာ ကျနော့် မွေးရပ်မြေနဲ့ အိမ် ဖြစ်ပါတယ်။ တရုတ်က ကျနော့်နိုင်ငံပါ။ ကျနော့်နိုင်ငံကို ကျနော်ချစ်ပါတယ်။ ကျနော့်အိမ်ကို ကျနော် ချစ်ပါတယ်။ ဟောင်ကောင်မှာ မကြာမခင်ငြိမ်းချမ်းမှု ရပါစေလို့ မျှော်လင့်ပါတယ်”လို့ မင်းသားက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုလိုမျိုး မင်းသား ဂျက်ကီချန်းရဲ့ ပြောဆိုချက်ကြောင့် ဟောင်ကောင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး သူ့ရဲ့ အင်တာဗျူးပါဝင်တဲ့ CGTN ရဲ့ဗီဒီယိုမှာ ဒေါသတကြီး တုံ့ပြန်ပြောဆိုတာတွေ ရှိပါတယ်။ “ဟောင်ကောက်က ခင်ဗျားကို မုန်းတယ်” ၊ “အရှက် မရှိဘူး” စသဖြင့် ပြောဆိုတာတွေ ရှိနေခဲ့တာပါ။ မင်းသားချန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် မှတ်ချက်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။
Ref: asiaone
You may also like these stories:
တရုတ်နိုင်ငံမှာ ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan
“Rush Hour 4” ရုပ်ရှင် ရိုက်ကူးရန် မရှိကြောင်း ဂျက်ကီချန်း ငြင်းဆို
ဂျက်ကီချန်း နဲ့ Chris Tucker တို့ပါဝင်မယ့် “Rush Hour 4” ရုပ်ရှင် ရိုက်ကူးနိုင်ချေရှိ
ဧဝရတ်တောင် တက်ခဲ့တဲ့ တောင်တက်သမားတွေအကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ ဂျက်ကီချန်း ပါဝင်