Entertainment

“ငယ်ငယ်ကတည်းက ယောက်ျားလေးဆန်ဆန် နေတတ်တာပါ”လို့ ပြောတဲ့ ယဉ်လက်

Want create site? Find Free WordPress Themes and plugins.

ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိလာတဲ့ ဖိုက်တင် မင်းသမီး ယဉ်လက်က သူအနေနဲ့ ယောက်ျားလေး ဆန်ဆန်နေတတ်ပေမယ့် ယောက်ျား စိတ်ပေါက်နေတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“ညီမက ယောက်ျားဆန်တယ်။ အခုမှသာ မိန်းကလေးပုံစံ နည်းနည်းပြောင်းတာ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ဆင်ရကောင်းမှန်းလည်း မသိဘူး။ အရင်က နောက်ကကြည့်လိုက်ရင် လမ်းလျှောက်တာ ယောက်ျားလေးပဲ။ ယောက်ျားလေးဆန်တာပါ ယောက်ျားလေးစိတ် ပေါက်နေတာ မဟုတ်ပါဘူး”

“ကိုယ်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မယ်ထင်တယ်။ ဖေဖေတို့ကလည်း ငယ်ငယ်ကတည်းက ဆံပင်တိုနဲ့ ထားတာပါ။ အခု ညီမလေးဆိုလည်း ဖေဖေတို့က ဆံပင်ကို ကတုံးကေလေး ညှပ်ပေးထားတယ်။ ညီမ နှစ်ယောက်လုံးကို ဘောလုံးကန်ခိုင်းတယ်။ တိုက်ကွမ်ဒိုတွေ ကစားခိုင်းတယ်။ အဲ့လိုတွေကြောင့် မိန်းကလေး သိပ်မဆန်ကြတာ”လို့ ယဉ်လက်က ပြောပါတယ်။

ဆက်လက်ပြီး ယဉ်လက်ကတော့ ယောကျာ်းလေးဆန်ဆန် နေတတ်တာကြောင့် သူ့ကို ပရိသတ်က ယောကျာ်းလျာလို့ ထင်ကြတဲ့အပေါ် ပျော်တယ်လို့လည်း ဆိုပါတယ်။

“တော်သေးတယ် ယောက်ျားလေးဆန်ဆန် နေတတ်ပေမယ့် ယောက်ျာလျာ မဖြစ်တာ၊ ယောက်ျားလျာလို့ ထင်လည်း ပျော်တောင် ပျော်သေးတယ်။ ကိုယ်တိုင်ကလည်း ယောက်ျားလေးဆန်ဆန် နေရတာ ကြိုက်တယ်။ အခုလည်း ပရိသတ်တွေက ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ပေးကြလို့ ပိုချစ်စရာကောင်းလာတာပါ”လို့ ယဉ်လက်က ဆိုပါတယ်။

ယဉ်လက်က လတ်တလောမှာတော့ စီးရီးရိုက်ဖို့ ပြင်ဆင်နေပြီး ၁၀ လပိုင်းမှာ ကားကြီးရိုက်ဖို့ ရှိတယ်လို့ ပြောပါတယ်။ ပရိသတ်တွေက ယဉ်လက်ကို ကလေးတယောက်လို ချစ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“သမီးကို ချစ်ကြတဲ့သူတွေက အရွယ် စုံတယ်၊ ယောက်ျားလေးများတာ မဟုတ်။ မိန်းကလေး များတာလည်း မဟုတ်ပေါ့နော်။ အသက်အရွယ် စုံတာပေါ့။ ကလေးလေးတွေကအစ လူကြီးအဆုံး ပေါ့နော်။ သမီးကိုလည်း မင်းသမီးတယောက်လို ဆိုတာထက် ကလေးတယောက်လို ချစ်ကြတာ။ သူတို့ရဲ့ အမျိုးပုံစံ၊ သူတို့ရဲ့ ကလေးတယောက်၊ ညီမတယောက်၊ သမီးတယောက်လို ပုံစံနဲ့ ချစ်ကြတာဆိုတော့ ပျော်ပါတယ်”

“အားပေးကြလို့ ကျေးဇူးလည်းတင်တယ်။ လူတိုင်းက ရုပ်ဆိုးတယ်ဆိုတာ မရှိဘူး။ မလှဘူးဆိုတာလည်း မရှိဘူး။ လူတိုင်းမှာ သူ့အလှတရားနဲ့ သူ၊ သူ့တန်ဖိုးနဲ့သူ ရှိတယ်။ တယောက်ချင်းစီမှာ ကိုယ်စီ၊ ကိုယ်စီ အလှတရားဆိုတာ ရှိတယ်။ ဘယ်အလှတရားကို ကြိုက်တယ်ဆိုပြီးတော့ တခုနဲ့တခု နှိုင်းယှဉ်တာမျိုး မလုပ်ဘူး။ လူတယောက်ရဲ့ အလှက စိတ်အပေါ်မှာလည်း မူတည်တော့ အဝတ်အစား ဝတ်တဲ့အခါမှာလည်း ပုံစံပြောင်းပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကတော့ အက်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖိုက်တင် မင်းသမီးလို့ လူသိများကြပါတယ်။ သူ ကိုယ်တိုင်လည်း တိုက်ကွမ်ဒို ခါးပတ်နက် ရထားပြီး တိုက်ခိုက်ရတာ ကျွမ်းကျင်သူတယောက်လို့ သိရပါတယ်။

You may also like these stories:

ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်

လက်ဝှေ့ထိုးဖို့ စိတ်ဝင်စားနေတဲ့ ဖိုက်တင်မင်းသမီး ယဉ်လက်

ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက်

Did you find apk for android? You can find new Free Android Games and apps.
Loading