တနှစ်လျှင် တခါသာ ကပြဖျော်ဖြေလေ့ရှိတဲ့ နှင်းဆီအငြိမ့်ကိုတော့ ယခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေဘေးသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး အလှူပြုလုပ်နိုင်ရန် မကြာခင် လအတွင်းမှာ ကပြသွားဖို့ရှိတယ်လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။
“နာမည်ကို ‘ရာမညနှင်းဆီ’လို့ ပေးဖြစ်မလား မသိသေးဘူး။ ပြန်လည်ထူထောင်ရေးကို ဦးစားပေးပြီးတော့ ဒီနှင်းဆီအငြိမ့်ကို ကဖြစ်မှာပေါ့။ ကိုယ့်နိုင်ငံ ဘယ်နေရာမှာပဲဖြစ်ဖြစ် နှင်းဆီအဖွဲ့၊ နှင်းဆီဖောင်ဒေးရှင်းကနေ ကူညီတယ်။ တိုင်းရင်းသားတွေ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကူညီနေတဲ့ အနေအထားတခုမှာ ကျနော်တို့ ဖောင်ဒေးရှင်းက ပြည်သူတွေနဲ့ အတူတူ ပူးပေါင်းပြီးတော့ လုပ်နိုင်မယ့်ပွဲပါ”လို့ နေတိုးက ပြောပါတယ်။
ပရိသတ်များကို အနုပညာခံစားရင်း အလှူ ပါဝင်စေချင်ပြီး ဖောင်ဒေးရှင်းအတွက် အငြိမ့်ပြန်ကကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကဖြစ်မှာဖြစ်ပြီး မန္တလေးမှာ ကဖြစ်ဖို့များတယ်လို့ သိရပါတယ်။
“ပရိသတ်တွေလည်း ကျနော်တို့ အနုပညာကို ခံစားရင်းနဲ့ အလှူပါဝင်လို့ရတဲ့ နည်းတခုကို ကျနော်တို့ စဉ်းစားဖြစ်တာပေါ့။ ဖောင်ဒေးရှင်းအတွက်ရော အငြိမ့်အတွက်ရော ပြန်ကကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာပေါ့။ ကဖြစ်မှာကတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ၁ လခွဲ ၂ လအတွင်းမှာ ကဖြစ်ဖို့ ကြိုးစားနေပါတယ်။ မန္တလေးမှာဖြစ်ဖို့ များပါတယ်”လို့ နေတိုးကပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ရေဘေး၊ စစ်ဘေးကိစ္စများနဲ့ ပတ်သက်ပြီးတော့လည်း နေတိုးက သူ့ရဲ့ခံစားချက်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“နေ့စဉ်နဲ့အမျှ ကျနော်တို့ စိတ်ပူပန်ရတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမဆိုတာ ကိုယ့်ရဲ့သွေးချင်းအရင်းတွေလို ခံစားရပါတယ်။ အမြန်ဆုံးလည်း ရေဘေးတွေ၊ စစ်ဘေးတွေကနေပြီးတော့ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့်ပါ”လို့ နေတိုးက ပြောပါတယ်။
နှင်းဆီအဖွဲ့ကတော့ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားတဲ့နေရာများကို သူတို့ရဲ့အနုပညာနဲ့ အလှူငွေကောက်ခံပြီး သွားရောက် လှူဒါန်းလျက် ရှိပါတယ်။
နှင်းဆီအဖွဲ့အနေနဲ့ နှင်းဆီဖောင်ဒေးရှင်းကို ထူထောင်ထားပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်ကာ သရုပ်ဆောင်များ မင်းသား၊ မင်းသမီးများက အငြိမ့်ကပြီး လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
“ပရိသတ် အားပေးမှုနဲ့ သရုပ်ဆောင်ကြေး တိုက်ရိုက် အချိုးကျနေပါတယ်”လို့ နေတိုး ပြော
၃ နှစ်အကြာမှ နေတိုးနဲ့ ရုပ်ရှင်အတူ ပြန်တွဲရိုက်ဖြစ်တဲ့ မိုးဟေကို
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး
မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး