မကြာခင် ရုံတင်ပြသမယ့် “အထက်တန်းစား” ရုပ်ရှင်မှာ နတ်ကိုးကွယ် ယုံကြည်မှုများနဲ့ ရိုးရာဓလေ့များကို ရိုက်ပြထားပြီး အဲဒီဇာတ်ကားမှာ လက်ထောက် ကန္နားစီး တယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ညီထွဋ်ခေါင်က အခုလိုပဲ ပြောပါတယ်။
“အထက်တန်းစားကတော့ ကိုးကွယ် ယုံကြည်မှုနဲ့ ရိုးရာကို ကွဲကွဲပြားပြားလေး သိအောင် ပြထားတဲ့ ဇာတ်လမ်းလေးပါ။ နောက်တခုက ရိုးရာအပေါ်မှာ အားလုံးမြင်နေတဲ့ အမြင်တခု ရှိတယ်။ လူတိုင်းကတော့ ဒီလို စိတ်ဓာတ်တွေနဲ့ သွားနေတာ မဟုတ်ပါဘူး။ စိတ်ဓာတ် အထက်တန်းကျတဲ့ စိတ်တွေနဲ့ ဖြတ်သန်းနေတဲ့ သူတွေလည်း ရှိပါတယ်ဆိုတာကို ပြောချင်တာပါ”
“ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ကျင့်သီလကောင်း၊ သိက္ခာ သမာဓိ ရှိတဲ့သူက သာလျှင် အထက်တန်းစားလို့ ပြောချင်တဲ့ကားပါ”လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။
ဒီကားကိုတော့ ဝတ္ထု ရွှန်းရမီမိုး၊ ဇာတ်ညွှန်း မိုးနီလွင်နဲ့ ဒါရိုက်တာ နေပိုင်တို့က ဖန်တီးပုံဖော်ထားပြီး နတ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ၂ လ ၃ လခန့် သွားရောက် လေ့လာခဲ့ရတယ်လို့ သိရပါတယ်။
“တတ်နိုင်သလောက် အမှားနည်းအောင်လို့ ဒါရိုက်တာရော ပရိုဂျူဆာရောက ကျနော်တို့ မရိုက်ခင် ၂ လ၊ ၃ လလောက် ကြိုပြီးတော့ ဆရာကြီး ရန်ကုန် ဦးဝင်းနိုင်ဆီမှာ နတ်တွေနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှု၊ ကန္နားစီးတွေနဲ့ ပတ်သက်တဲ့ ဝတ်စား ဆင်ယင်မှုတွေကို လေ့လာခဲ့တယ်”လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
ညီထွဋ်ခေါင်ကတော့ လက်ထောက် ကန္နားစီး တယောက်အဖြစ် သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ကရတဲ့အခန်းတွေမှာ အမှားနည်းအောင် ဆရာကြီးတွေထံမှာ လေ့လာခဲ့ရတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဆိုရင်လည်း လက်ထောက် ကန္နားစီး ဖြစ်တဲ့အတွက် ကရတာတွေ ရှိတယ်။ အဲ့ အကလေးတွေလည်း မမှားအောင်၊ အမှားနည်းအောင် ဆရာကြီးဆီမှာ အကသွား လေ့ကျင့်ခဲ့ရတာတွေ၊ ဒီလူကြီးတွေဆီမှာ ဆည်းကပ်ပြီးတော့မှ ဒီကားကို ရိုက်ထားတာပါ။ ကျနော်က ဒါတွေနဲ့ လုံးဝ မနီးစပ်ဘူး။ ကျနော်တို့ မသိတဲ့ ပတ်ဝန်းကျင် တခုကို လေ့လာခွင့်ရတယ်” လို့ ညီထွဋ်ခေါင်က ပြောပါတယ်။
လက်ထောက် ကန္နားစီး ဖြစ်တဲ့ ညီထွဋ်ခေါင်ကတော့ ဆရာဖြစ်သူရဲ့ အောင်မြင် ကျော်ကြားမှုကို မနာလိုတာကြောင့် ဒုက္ခရောက်အောင် ပြန်လုပ်ရတဲ့သူ အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
သူ့အတွက် ဒီကာရိုက်တာကတော့ ပထမဆုံးအကြိမ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာဖြစ်ပြီး ပုံမှန် လုပ်နေကျ မိန်းမလျာ ကာရိုက်တာကိုမှ ဒရာမာ ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။
“အထက်တန်းစား” ရုပ်ရှင်မှာတော့ နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
“ကမ်းလှမ်းလာတဲ့ အပေါ်မှာ ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး”ဆိုတဲ့ ညီထွဋ်ခေါင်
ညီထွဋ်ခေါင်ပြောပြတဲ့ မင်းသွေးရဲ့ စိတ်ထား