အဆိုတော် အစ္စဏီရဲ့ အမှုကတော့ လွန်ခဲ့တဲ့ တပတ်က တရားလိုဖြစ်သူဘက်မှ အမှုကို ရုတ်သိမ်းပေးခဲ့သော်လည်း တရားရုံးမှ ရုတ်သိမ်းခွင့် မကျသေးတာကြောင့် အမှုကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ယနေ့၊ သြဂုတ်လ ၁၆ ရက်နေ့မှာတော့ တာမွေတရားရုံးမှာ ပုံမှန်ရုံးချိန်းဖြင့် အမှုစစ်ဆေးနေစဉ် အဆိုတော်အစ္စဏီမှ အသက်ရှုရခက်ပြီး မောလာတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
“ဒီနေ့က ပုံမှန်အတိုင်း အမှုစစ်တယ်။ အာမခံတော့ မလျှောက်တော့ဘူး။ အမှု စစ်နေရင်းနဲ့ အစ္စဏီကမောလာတဲ့အတွက် စစ်ဆေးမှုကို ရပ်နားခဲ့တယ်။ နောက်တပတ် သောကြာနေ့ကို ရုံးချိန်း ပြန်ချိန်းလိုက်တယ်။ အခုလောလောဆယ်က ကျန်းမာရေး မကောင်းဘူး။ အစတုန်းက အားကစားလုပ်ခဲ့တဲ့ ဒဏ်ကြောင့်ဒူးခေါင်း အမာရွတ်တွေက ဒဏ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျန်းမာရေး မကောင်းဘူး”လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။
ကျန်းမာရေးမကောင်းတာကိုတော့ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူလျက် ရှိပြီး ကျန်းမာရေး ဒီထက် ပိုစိုးရိမ်ရပါက ဥပဒေအရ ဆေးခွင့်ယူဖို့ရှိတယ်လို့ သိရပါတယ်။
“အသက်ရှုလမ်းကြောင်း မကောင်းတဲ့အတွက် အခုအချိန်မှာတော့ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုတွေ ဆောင်ရွက်နေတယ်။ ကျန်းမာရေးကတော့ ကောင်းလာလိုက်၊ ဆိုးလာလိုက်ပဲ။ ကျန်းမာရေးအရ စိုးရိမ်ရရင်တော့ ဥပဒေအရ ဆေးခွင့်တွေဘာတွေ ယူဖို့တော့ ရှိတယ်။ အခုအချိန်မှာတော့ အမှုကို ဆက်လက် စစ်ဆေးသွားဖို့ပဲ ရှိတယ်”လို့ ရှေ့နေ ဦးကျော်ဇင်ဦးကပြောပါတယ်။
တရားလိုဘက်မှ သြဂုတ်လ ၅ရက်နေ့က တရားလိုဖြစ်သူ စူးရှထက်မှ တာမွေတရားရုံးသို့ လာရောက်ကာ နှစ်ဦးနှစ်ဖက်တွေ့ဆုံပြီး ရုတ်သိမ်းလွှာမှာ လက်မှတ်ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။
တရားလိုမှ ရုတ်သိမ်းပေးခဲ့သော်လည်း သက်ဆိုင်ရာ ခရိုင်၊ တိုင်း အဆင့်ဆင့်ရဲ့ သဘောထားမှတ်ချက်ပေါ် မူတည်ကာ ရုတ်သိမ်းခွင့် ပြု၊ မပြုကို စောင့်ကြည့်ရဦးမယ့် အနေအထားပဲ ရှိသေးပြီး စစ်ဆေးရမယ့် အစိတ်အပိုင်းများကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နေ့မှာတော့ အစ္စဏီဘက်မှ တရားရုံးတွင် အာမခံေ လျှာက်ထားခဲ့သော်လည်း တရားရုံးက အဆိုပါလျှောက်ထားမှုကို လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။
အဆိုတော် အစ္စဏီရဲ့အမှုကတော့ ယခုအချိန်တွင် တနှစ်နဲ့ ၄ လကျော် အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလက ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်က မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ရုတ်သိမ်းလွှာ တင်ပြီးပေမယ့် အစ္စဏီရဲ့ အာမခံ တင်ပြမှုကို တရားရုံးက လက်မခံ
“အစ္စဏီအမှု ရုတ်သိမ်းခွင့်နဲ့ ညီညွှတ်ရင် အမှုပြီးဆုံးကာ လွတ်မြောက်မှာပါ”လို့ ရှေ့နေ ပြော
တရားလိုဘက်မှ သက်သေ ၂ ဦးကို ဆက်လက် စစ်ဆေးခဲ့တဲ့ အစ္စဏီ ရုံးချိန်း
သားဖြစ်သူ ရင်ခွင်ထဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေတဲ့ အစ္စဏီရဲ့ မိခင်