ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ဗျိုက်ရဲ့ ညီဖြစ်သူ ညီနန္ဒက အစ်ကိုဖြစ်သူပေါ်မှာ တာဝန်မကျေဘူးဖြစ်နေတယ် လို့ဆိုပါတယ်။ အစ်ကိုဖြစ်သူ သီဆိုသွားတဲ့ သီချင်းတွေကို မထုတ်သေးနိုင်သေးတဲ့အတွက် ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ဆိုပါတယ်။
“ ကျနော် သူ့အပေါ်တာဝန်မကျေတာက သူ့သီချင်းလေးတွေ ၁၀ပုဒ် ၁၁ပုဒ်လောက်ဆိုသွားတယ်။ အဲ့သီချင်းခွေကို မထုတ်ဖြစ်နိုင်သေးဘူးဖြစ်နေတာပေါ့။ အရင်ကတည်းကလည်း သူကွယ်လွန်တာ ၁၀နှစ်ပြည့်တုန်းကထုတ်မယ်ဆိုပြီး အခုပဲ ၁၂နှစ်ဖြစ်သွားပြီ၊ မထုတ်နိုင်သေးဘူး။ သေချာတာတခုကတော့ ပရိသတ် တွေရှေ့ကို ကျနော်ရောက်အောင်ပို့မှာပါ”
“ ပရိသတ်တွေရှေ့ရောက်ဖို့ဆိုတာကလည်း တော်တော်ကိုလွယ် သွားပြီဆိုတော့ ဖေ့စ်ဘုတ်ကပဲဖြစ်ဖြစ် ရောက်အောင်တော့လုပ်မယ်။ တခွေလုံးမနိုင်ရင်တောင် တပုဒ်ချင်းဆီတင်ပေးဖို့ကြိုးစားသွားမယ်။ ကျနော်နဲ့ အစ်ကိုဗျိုက်နဲ့က ကာရိုက်တာချင်း မတူဘူး။ ရိုးအတဲ့ ကာရိုက်တာရိုက်ရရင်တော့ အစ်ကိုကိုပဲ မျက်စိထဲပြေးမြင်ပြီး သရုပ်ဆောင်တယ်”လို့ ညီနန္ဒကပြောပါတယ်။
ညီနန္ဒက လက်ရှိမှာ “အိပ်မက်တွေမိုးထားတဲ့အိမ်”ဇာတ်လမ်းတွဲမှာ ကလေးသုံးယောက်အဖေနေရာက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ပြန်လည်ကြည့်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်သွားမယ်လို့ဆိုပါတယ်။
“ အိပ်မက်တွေမိုးထားတဲ့ အိမ် ဇာတ်ကားမှာတော့ ကလေးသုံးယောက်အဖေနေရာက မြင်ရမယ်။ ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားတကားအနေနဲ့ မြင်တွေ့ရမှာပါ။ အသိပညာပေးတွေလည်း ပါနိုင်ပါတယ်။ ထူးထူးခြားခြားလေးလည်းဖြစ်မယ်။ ကျနော်ရှေ့မှာလည်း ဇာတ်လမ်းတွဲလေးတွေ တော်တော်များများ ရိုက်လာတာလေးတွေလည်း ရှိခဲ့တယ်”
“ ကိုယ့်ကားတွေ ပြန်ကြည့်ရင်း ကိုယ့်လိုအပ်ချက်တွေကို ဒီကားမှာမရှိအောင် အကောင်းဆုံးပြင်ဆင်ပြီး လုပ်သွားမှာပါ။ ကျနော်ကတော့ အမြဲတမ်းရိုက်ကွင်းရောက်ရင် ကောင်းတဲ့အကျင့်တွေကို ယူတယ်။ ကျနော်ကိုယ်တိုင်ပြင်တယ်။ အဓိကကရိုက်ကွင်းကို အချိန်တိတိကျကျ ရောက်အောင်လာတယ်”
“ကျနော်အရင်ကတည်းစီနီယာတွေကိုကြည့်ပြီး အတုယူပြီးပြင်တယ်။ အခုနောက်ပိုင်းကလေးတွေမှာလည်း အတုယူစရာတွေ အများကြီးပေါ့။ သူတို့တွေ ကြိုးစားကြတယ်။ ကျနော်တို့ သူတို့ အရွယ်အသစ်တယောက်တုန်းကဆို ကျနော်တို့ သူတို့လောက်မလုပ်နိုင်ဘူး”
“အခုနောက်ပိုင်းဝါရင့် တွေနဲ့ယှဉ်ပြီး အပြိုင်သရုပ်ဆောင်လာနိုင်တယ်။ သူတို့ဘာကြောင့် တော်နေလဲဆိုတာတွေကို ကျနော်ကသင်ယူပါတယ်။ လေ့လာပါတယ်။ ကျနော်၁၀လပိုင်းမှာ ယုန်လေးရိုက်မယ့် ဇာတ်ကားကြီး တကား လက်ခံထားတယ်။ အဲ့လောက်ပါပဲ။ အများကြီးမရှိသေးပါဘူး”လို့ ညီနန္ဒကပြောပါတယ်။
ညီနန္ဒက အနုပညာအလုပ်ကိုလည်း အရင်ကထပ်ပိုပြီး တန်ဖိုးထားလာတယ်လို့ဆိုပြီး အခုအချိန်မှာ အနုပညာနဲ့ပတ်သက်ရင် ရလာတဲ့ အလုပ်ကို အစွမ်းကုန်လုပ်ပြီး ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။