ဇာတ်ပို့ သရုပ်ဆောင်တွေ ဇာတ်ကားရိုက်ကူးမှုနည်းပါးနေတာကြောင့် ဇာတ်ကားမရိုက်ရသူတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ Kညီက ဒီလိုအဆင်မပြေပေမယ့်လည်း အဆင်မပြေမှုတွေကို အင်တာဗျူးတွေကနေ ဖြေမနေစေချင်တော့ဘူး လို့ဆိုပါတယ်။
“ကျနော်လည်း အရမ်းကောင်းစားနေတာ မဟုတ်ဘူး။ ကျနော်အရမ်းအလုပ်လုပ်နေတာလည်း မဟုတ်ဘူး။ ကျနော်လည်းနားခဲ့ရတဲ့ အချိန်တွေ ရှိတယ်။ ဒါပေမယ့် ကိုယ်အရင်ကကြိုးစားခဲ့တဲ့ အရှိန်လေးနဲ့ နာမည်လေး ကျန်တာရယ်ကြောင့် ရိုက်နေရတယ်။ ကျနော်အရမ်းတော်လို့ တတ်လို့ ခေါ်ရိုက်နေကြတာလည်း မဟုတ်ပါဘူး”
“ ကျနော်ဝမ်းစာလည်း အရမ်းမပြည့်သေးပါဘူး။ ကံလေးကောင်းလို့ရိုက်နေရတာလည်း ပါပါတယ်။ တချို့မရိုက်ရတဲ့ သူတွေအတွက်လည်း ကျနော်စိတ်မကောင်းပါဘူး။ အာလုံးကလည်း တချိန်က ရိုက်ခဲ့ကြရတယ်။ အခုလိုချိန်မျိုးမှာ ကျနော်က အရင်တုန်းကလောက်မရိုက်ရပေမယ့် ရိုက်တော့နေရသေးတာပေါ့”
“ကျနော်လည်း သာလို့ နာလို့ ဆိုတဲ့စိတ်မရှိပါဘူး။ ကျနော်လည်း ဇာတ်ပို့ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ကျနော်တို့ အားလုံးမရှိဘူးပဲ ညည်းနေကြတော့ ဘယ်သူကလာပေးမှာလဲ။ ဘယ်သူကလာ ကျွေးမှာလဲ ။ စကားနောက် တရားပါလာကြတယ်ပေါ့”
“ အားလုံးက မိသားစုနဲ့ရှိလာရင် အဆင်မပြေမှုကတော့ရှိမှာပဲ။ အဲ့အဆင်မပြေမှုတွေကို အားလုံးကို အင်တာဗျူးတွေ ကနေ ဖြေနေတော့ရော၊ ဖြေမနေစေချင်တော့ဘူး။ ဖြေနေတော့ရော ကျနော်တို့ကို ဘာလုပ်လို့ရမှာလဲ။ အဲ့တော့ ကျနော်တို့ အားလုံးကြိုးစားကြဖို့ပဲ ပြောချင်ပါတယ်”လို့ Kညီက ပြောပါတယ်။
ဟာသဇာတ်ကားတွေမှာ ကျရာနေရာက ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ Kညီက ဟာသသရုပ်ဆောင်အနေနဲ့မဟုတ်ပဲ တည်တည်တံ့တံ့ကာရိုက်တာတွေပါ သရုပ်ဆောင်ချင်တယ်လို့ဆိုပါတယ်။
“ကျနော် “အိပ်မက်တွေမိုးထားတဲ့ အိမ်” မှာ အိမ်ထောင်သည်တယောက်ရဲ့ ကာရိုက်တာလေးနဲ့ ပါဝင်မှာပါ။ ရိုက်မှာက ၁၀လပိုင်းလောက်မှရိုက်မှာ။ အရင်လို ဟာသတွေ မဟုတ်ဘဲ တည်တည်တံ့တံ့လေး သရုပ်ဆောင်မယ်ပေါ့။ တည်တည်တံ့တံ့လေး သရုပ်ဆောင်ရမျာဆိုတော့ ပျော်တာပေါ့။ ဟာသအနေနဲ့သရုပ်ဆောင်ခဲ့တာတွေ အများကြီးချပြပြီးပြီဆိုတော့ နောက်ပိုင်းမှာ အတည်လေးတွေ သရုပ်ဆောင်သွားမယ်”
“အရင်တွေကတော့ ကျနော်တို့ သိနေတဲ့ အနုပညာရှင်တွေပေါ့။ ဒီကားမှာတော့ အသစ်တွေနဲ့ပေါ့။ သူတို့တွေကလည်း အရမ်းတော်တယ်။ ဇာတ်ကားရိုက်ရင်တော့ တိုင်တိုင်ပင်ပင်လေးနဲ့လုပ်သွားမှာပါ။ နေခြည်ဦးနဲ့ကတော့ ဆုံဖူးတယ်။ အဲ့တုန်းက သူ့မာမီလုပ်ခဲ့တာ။ ကျနာ်တို့ ဇာတ်လမ်းတွဲလေးလွှင့်ရင်လည်း အားပေးကြဖို့ပြောချင်ပါတယ်။ ကျနော်ပါဝင်ထားတဲ့ ဇာတ်ကား၂ကားလည်း ရုံတင်ဖို့ရှိပါတယ်။ အားပေးဖို့ပြောချင်ပါတယ်”လို့ Kညီက ပြောပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ကေညီကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အဓိက သရုပ်ဆောင်တွေရဲ့ အစ်ကို၊ သူငယ်ချင်း ကာရိုက်တာတွေကနေ တဆင့် ပရိသတ်တွေအားပေးလာတာဖြစ်ပါတယ်။ ဟာသဇာတ်ကား တွေမှာ လည်း မပါမဖြစ် ဟာသသရုပ်ဆောင်တဦးဆိုရင်လည်း မမှားပါဘူး။
K ညီက မကြာခင်မှာ “အိပ်မက်တွေမိုးထားတဲ့အိမ်”ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ် Kညီပါဝင်ထားတဲ့ “ဂျင်ပါတီ” ဇာတ်ကားကြီးနှင့် “ကျားကျားကြိုက်ကြိုက်”ဇာတ်ကားတွေလည်း မကြာခင်မှာရုံတင်တော့မှာ ဖြစ်ပါတယ်။