မြန်မာပြည်အောက်ပိုင်းဒေသများမှာ ဖြစ်ပေါ်နေတဲ့ သဘာဝအန္တရာယ်ကြောင့် ရေဘေးသင့်ပြည်သူတွေ အနုပညာရှင်များကလည်း စိတ်မကောင်းဖြစ်ရကြောင်းဆိုကြပြီး ဒီလို ရေဘေးသင့်ဒေသတွေအတွက် လှူဒါန်းမှုများပြုလုပ်နေသည့် အနုပညာရှင်များကို ဧရာဝတီက မေးမြန်းထားပါတယ်။
ဇင်ဝိုင်း
ကျနော်တို့ ရုပ်ရှင်အစည်းအရုံးကနေ ရေဘေးအတွက် သိန်း၁၀၀ မ တည်ပါတယ်။ ရုပ်ရှင်လောကသမား ဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေ ရုပ်ရှင်ရုံပိုင်ရှင်များသရုပ်ဆောင်များ အကုန်ပါဝင်ကြတယ်။ အကုန်လုံးထည့်ဝင်လှူ တာတွေ စုပေါင်းလိုက်ရင် သိန်း၂၆၂ ကျပ် ရှိတယ်။ အရင်တုန်းကတော့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းတာတွေ ရှိပါတယ်။
သွားရောက်လှူဒါန်းရင် အခက်အခဲတွေ ရှိတာကြောင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကိုလှူဒါန်းခြင်း ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ရာသီဥတု အခြေအနေတွေကပြောင်းလဲနေပါတယ်။ ကျနော်တို့ နိုင်ငံမှမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်နေပါတယ်။ ကျနော်တို့ နိုင်ငံက ရာသီဥတုတွေလည်းပြောင်းလဲ နေတယ်။ မိုးလေဝသကနေ ထုတ်လွှင့်တဲ့ အန္တရာယ်သတိပေးချက်တွေကို ပြည်သူတွေကသတိထားကြဖို့ပါ လို့ပြောချင် ပါတယ်။
မင်းမော်ကွန်း
ကျနော်တို့ “နှင်းဆီအဖွဲ့” အနေနဲ့ ပြန်လည်ထူထောင်ရေးကို ရည်ရွယ်ပြီး ရန်ပုံငွေပွဲဖျော်ဖြေကပြဖို့ရှိပါတယ်။ အဲ့ဒါက ၁၀လပိုင်းလတန်းမှာ ကပြဖို့ရှိပါတယ်။ လောလောဆယ်တော့ ရန်ကုန်ရော မန္တလေးရော ကပြနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ နှစ်စဉ်ရေကြီးတယ်ဆိုပေမယ့်လည်း အခုက ပိုပိုဆိုးလာတာကိုတွေ့ရပါတယ်။
အဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ ရာသီဥတု အတွက် လိုအပ်တဲ့ သစ်ပင်စိုက်တာတွေလည်း လုပ်စေချင်ပါတယ်။ ကျနော်တို့ နှင်းဆီပွဲတော်တော်များများဟာ ပရိသတ်နဲ့တွဲပြီး အလှူလုပ်ခဲ့တဲ့ပွဲတွေပဲဖြစ်တာကြောင့် အခုလည်း တကယ်လိုအပ်နေတဲ့နေရာကို လှူမှာမို့ ပါဝင်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
ထွန်းထွန်း
လောလေဆယ်တော့ ဘုရားရှိခိုးရင် မေတ္တာပို့တာပဲရှိတယ်။ စိတ်တော့မကောင်းဘူးပေါ့။ ဝမ်းလည်းဝမ်းနည်းပါတယ်။ အကောင်းဆုံးတွေ ပြန်ဖြစ်ဖို့ အားတင်းထားကြပါလို့ပြောချင်ပါတယ်။ ကိုယ်တိုင်သွားဖို့ကျတော့လည်း အဆင်မပြေ သေးဘူး။ ပိုက်ဆံလှူဖို့ကျတော့လည်း နှင်းဆီအနေနဲ့လှူဖို့ စီစဉ်နေတာရှိတယ်။ နောက်လာမယ့် ၂၄ရက်နေ့မှာ သုဝဏ္ဏအားကစားကွင်းမှာ ဘောလုံးရံပုံငွေပွဲက ရလာတဲ့ ပိုက်ဆံတွေ လှူဖို့ကြိုးစားနေကြပါတယ်။ ကျနော်တို့ နှင်းဆီအဖွဲ့က ပွဲကမယ် ရလာတာတွေကို အကုန်လှူမယ်။
မျိုးစန္ဒီကျော်
နာဂစ်ကတည်းကလှူတာ။ အဲ့တုန်းက အင်တာနက်တွေ လည်းခေတ်မစားသေးတော့ ကိုယ်တွေ လုပ်ခဲ့တာလည်း မသိကြဘူးပေါ့။ ရွာလုံးပျောက်သွားတဲ့နေရာတွေကို လှူဒါန်းခဲ့ဖူးတယ်။ အဲ့ခံစားချက် အခု ပြန်ပေါ်လာတာပေါ့။ ငါတို့တွေအေးအေးချမ်းချမ်းစားနေရချိန် သူတို့တွေမှာ ရေမြုပ်နေတယ်။ အဲ့အတွက် အစ်မရဲ့ဆိုင် M&S ဖက်ရှင်ကနေ အစ်မတို့တတ်နိုင်လောက် သိန်း၂၀ မတည်ပြီးတော့ အလှူခံပါမယ်။ အခုကတော့ အလှူခံတုန်းပေါ့။ လကုန်ရင်တော့ သွားလှူမယ်။ ပရိသတ်တွေ လှူချင်ရင်လည်းလှူလို့ရပါတယ်။