ဆယ်ကျော်သက် ကောင်လေး ၃ ယောက် ပါဝင်ထားတဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Good Boys” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ မြောက်အမေရိကရုံဝင်ငွေ စာရင်းမှာ ပွဲဦးထွက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ တွေ့ရပါတယ်။
Box Office Mojo မီဒီယာရဲ့အဆိုအရ R-rated အဆင့် သတ်မှတ်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ဒေါ်လာ ၂၁ သန်းနဲ့ မြောက်အမေရိကပြည်တွင်း ဝင်ငွေစာရင်းကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ Brady Noon, Keith L. Williams နဲ့ Jacob Tremblay တို့ ဦးဆောင် ပါဝင်ထားကြပါတယ်။
“Good Boys” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းက နိုင်ငံတကာ ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာတော့ ဒေါ်လာ ၂ ဒဿမ ၁ သန်း ဝင်ငွေထပ်ရခဲ့လို့ ပထမဆုံး သီတင်းပတ်မှာတင် ဝင်ငွေ စုစုပေါင်း ၂၃ ဒဿမ ၁ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ မိန်းကလေးတွေကို ဒရုန်းယာဉ်ပျံနဲ့ လိုက်ချောင်းကြတဲ့ ကောင်လေး ၃ ယောက်ရဲ့ ဟာသအလွဲ ဖြစ်ရပ်တွေကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
“Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝင်ငွေ ဒေါ်လာ ၁၄ ဒဿမ ၁ သန်းရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အခု လောလောဆယ်အထိတော့ မြောက်အမေရိက ဒေသနေ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၁၃၃ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။
တတိယနေရာမှာ ရှိနေတာကတော့ Disney ရဲ့ “The Lion King” ရုပ်ရှင်ဖြစ်ပြီး ပဉ္စမမြောက် ရုံတင်တဲ့ သီတင်းပတ်မှာပဲ ဒေါ်လာ ၁၁ ဒဿမ ၉ သန်းရရှိခဲ့ပါတယ်။ လောလောဆယ်အထိတော့ ဝင်ငွေဒေါ်လာ ၄၉၆ သန်း ရရှိထားပြီ ဖြစ်ပါတယ်။
နောက်ထပ် ထိပ်တန်း ရုပ်ရှင် ၅ ကား စာရင်းမှာ ပါဝင်လာတာကတော့ ဒေါ်လာ ၁၀ ဒဿမ ၅ သန်းရရှိခဲ့တဲ့ “The Angry Birds Movie 2” ရုပ်ရှင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုံတင်ဖို့ ရှိနေတဲ့ “Scary Stories to Tell in the Dark” ရုပ်ရှင်ကတော့ ဒုတိယ သီတင်းပတ်မှာ ဝင်ငွေ ဒေါ်လာ ၁၀ သန်း ရရှိခဲ့ပါတယ်။
အခု သီတင်းပတ်မှာတော့ ရုပ်ရှင်တော်တော်များများ အသစ်ရုံတင်တာ မြင်တွေ့ခဲ့ရပါတယ်။ Bruce Springsteen ရဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Blinded By the Light” ကတော့ ဒေါ်လ ၄ ဒဿမ ၄ သန်းနဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပြီး မင်းသမီး Cate Blanchett ပါဝင်ထားတဲ့ “Where’d You Go, Bernadette” ရုပ်ရှင်ကတော့ ဒေါ်လာ ၃ ဒဿမ ၄ သန်းနဲ့ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။
Ref. etcanada
You may also like these stories:
“Hobbs And Shaw” ရုပ်ရှင်ဝင်ငွေကို ကျော်မတက်နိုင်တဲ့ “Scary Stories to Tell in the Dark”
ကမ္ဘာအနှံ့ ရုံဝင်ငွေ အကောင်းဆုံး ပင့်ကူလူသားရုပ်ရှင် ဖြစ်လာတဲ့ “Spider-Man: Far From Home”
ပရိသတ်တွေကို ခံစားချက်ပေါင်းများစွာ ပေးဦးမယ့် “The Lion King” ရုပ်ရှင်