မင်းသမီး Liu Yifei က ဟောင်ကောင် ဆန္ဒပြသူတွေကို ဆန့်ကျင်ပြီး ဟောင်ကောင် ရဲတပ်ဖွဲ့ကို ထောက်ခံ ကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် မင်းသမီး ပါဝင်သရုပ်ဆောင်ထားတဲ့ “Mulan” ရုပ်ရှင်ဟာ သပိတ်မှောက်ခံ ရမယ်လို့ ခြိမ်းခြောက်ခံလိုက်ရပါတယ်။
The Hollywood Reporter ရဲ့အဆိုအရ Liu Yifei လို့ လူသိများတဲ့ မင်းသမီး Crystal Liu ဟာ တရုတ်ရဲ့လက်အောက်မှာရှိတဲ့ ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့အနေနဲ့ တရုတ် ဝါဒဖြန့်ပို့စ်တခုကို Twitter မှာ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် မင်းသမီးဟာ တရုတ် ကွန်မြူနစ်ပါတီတဲ့ သတင်းစာဖြစ်တဲ့ The People’s Daily ရဲ့ ဓာတ်ပုံ တပုံကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပြီး “ကျမ ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံပါတယ်။ အခုကျမကို ရိုက်နိုင်ပါပြီ” လို့ တရုတ်လိုရေးသားခဲ့ကာ “ဟောင်ကောင်အတွက် ရှက်လိုက်တာ” ဆိုပြီး အင်္ဂလိပ်လို ရေးသားခဲ့တာကို တွေ့ခဲ့ရပါတယ်။
အဲ့ဒီနောက် မင်းသမီးက “ဟောင်ကောင် ရဲတပ်ဖွဲ့ကို ကျမလည်း ထောက်ခံပါတယ်”လို့ အသည်းပုံနဲ့ ခိုင်မာတဲ့ လက်မောင်းပုံ emoji နဲ့ ရေးတင်ခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံအပြင်ဘက်က ပရိသတ်တွေကတော့ မင်းသမီးကို ရှုတ်ချနေကြပြီး ဟောင်ကောင် အာဏာပိုင်တွေကို ထောက်ခံခဲ့တဲ့အတွက် သူပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ကို သပိတ်မှောက်မယ်လို့ Twitter မှာ ပြောဆိုတာတွေ ရှိခဲ့တာပါ။
သူ ပါဝင်ထားတဲ့အမျိုးသမီးစစ်သည်တော် ဇာတ်ကောင်ရဲ့ လုပ်ရပ်တွေနဲ့ မင်းသမီးရဲ့ အမြင်ကို နှိုင်းယှဉ်ပြီးတော့ ပရိသတ်တဦးက “Mulan ဟာ ဘယ်ဖိနှိပ်မှုမျိုးအောက်ကနေ လွတ်မြောက်ရေးအတွက် ထောက်ခံပေးခဲ့တာကြောင့် ကျနော့် ငယ်ဘဝမှာ အကြိုက်ဆုံး ရုပ်ရှင်ဖြစ်ပါတယ်။ အခုလိုမျိုး Mulan အနေနဲ့ သရုပ်ဆောင်မယ့် မိန်းကလေးက ဒီလိုမျိုး ရက်စက်မှုကို ထောက်ခံလို့ ဇာတ်ကောင်ရဲ့ နာမည်ကျော်ကြားမှုကို ထာဝရ အမည်းစက် ထင်စေတော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။
ပရိသတ် နောက်တယောက်ကတော့ “ကျမက ဟောင်ကောင်သူ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ အခြေအနေကို မျက်ကွယ်ပြုပြီး နိုင်ငံရေး ဖိနှိပ်မှုတွေကို ထောက်ခံကြတဲ့ ဘယ်မင်းသား၊ မင်းသမီးကိုမဆို အားမပေးပါဘူး”လို့ ဆိုပါတယ်။
တရုတ်နာမည်ကျော် တော်တော်များများဟာ သူတို့ကိုယ်တိုင်နဲ့ မိသားစုတွေကို ကာကွယ်ဖို့ တရုတ်ရဲ့ အလိုကျ အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။
ပရိသတ် တဦးကတော့ “တရုတ်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် မရှိပါဘူး။ Mulan ရုပ်ရှင်ကို သပိတ်မှောက်ဖို့ လိုအပ်တယ်လို့ ခံစားရရင် လွတ်လွတ်လပ်လပ် ခံစားပါ။ ဒါပေမဲ့ အခြေအနေက အဖြူအမည်း သဲကွဲတဲ့ အခြေအနေ မဟုတ်ပါဘူး”လို့ဆိုပါတယ်။ Mulan ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Ref. aceshowbiz
You may also like these stories:
တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ
နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်များ
တရုတ်နိုင်ငံမှာ ရေပန်းစားနေတဲ့ Mulan Makeup Challenge